ကျောက်တန်းမှာ ဖမ်းမိသူတွေကို မီဒီယာတွေ သတင်းရယူခွင့် ပိတ်ပင်ထား

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို စစ်ဆေးနေပြီး အစိုးရက သတင်းထုတ်ပြန်တာမရှိသလို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာ နာဇီဒုက္ခသည်စခန်းကနေ မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈၊ နိုဝင်ဘာ ၁၆ ရက်နေ့က ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဖမ်းဆီးရမိစဉ် Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို စစ်ဆေးနေပြီး အစိုးရက သတင်းထုတ်ပြန်တာမရှိသလို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

အဲ့ဒီဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရပ်တွေကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

ဖမ်းဆီးရမိခဲ့တဲ့ ၁၀၆ ဦးလုံးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဖြစ်ပြီး အဲ့ဒီထဲမှာ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၂၅ ဦး ဖြစ်ပါတယ်။

သူတို့တွေကို ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ရွှေမှော်ဝန်းခမ်းမှာ ထိန်းသိမ်းထားပါတယ်။ သူတို့တွေဟာ မလေးရှားနိုင်ငံကိုသွားဖို့ စက်လှေနဲ့ ထွက်ခွာလာတာလို့ သိရပါတယ်။

မွတ်စလင် ဒုက္ခသည် ၁၀၆ ဦးကို ယာယီနေရာချထားတဲ့နေရာမှာ အာဏာပိုင်တွေက သတင်းမီဒီယာတွေကို ဒုက္ခသည် တွေ့ဆုံ သတင်းရယူခွင့်မပေးသလို သတင်းထုတ်ပြန်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သတင်းမီဒီယာတွေ သတင်းရယူခွင့်မရတဲ့အပြင် အဲဒီဒုက္ခသည်တွေအတွက် လာရောက်လှူဒါန်းတဲ့ ကျောက်တန်းမြို့နယ် ဒါရာကာရပ်ကွက်က ကိုမင်းဇေယျာအောင်က ပြောပါတယ်။

"ကျနော်တို့ရပ်ကွက်အနေနဲ့ လူကိုလူလို့မြင်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့အတွက် လာတာပါ၊ ကျနော်တို့ရှိတဲ့ဟာလေးနဲ့ တကယ်ပဲ ဒုက္ခရောက်နေမလား ဆိုပြီးလာခဲ့တာပါ၊ ကျနော်တို့ကို ဝင်ခွင့်တော့ မပေးသေးဘူး၊ ကျနော်တို့ကတော့ ဒီတိုင်းတော့ မပြန်ချင်ဘူး ကူညီခွင့်ရပြီးမှ ပြန်ချင်တာပေါ့နော်"

ကိုမင်းဇေယျာအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေး အလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်ပြီး သတင်းထုတ်ပြန်မှု အားနည်းချက်တွေရှိနေပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ သုံးသပ်ပြောခဲ့ပါတယ်။

ဒီကနေ့မှာ ပြည်ထောင်စု အစိုးရအဖွဲ့က ဦးဇော်သန်းသင်း ဦးဆောင်ပြီး ဒုက္ခသည်တွေကို လာရောက် ကြည့်ရှုခဲ့ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေ ဘယ်လိုရောက်လာတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုနိုင်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် သတင်း ထုတ်ပြန်လို့ မရဘူးလို့သာ ဖြေကြားခဲ့ပါတယ်။

ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက်ကယ်ပြင်၊ ဆေးသမားကြီး၊ ဒါးပိုင်၊ ဘာဆာရာ၊ သံထော်လီ၊ ဆင်းတက်မှော်၊ ဘောဒူဘ၊ သဲချောင်းဒုက္ခသည် ကယ်ဆယ်ရေးစခန်းတို့က ဖြစ်ပြီး မလေးရှားနိုင်ငံကို သွားဖို့အတွက် အောက်တိုဘာလတည်းက ထွက်ခွာလာခဲ့တာဖြစ်ပြီး တစ်ဦးကို ၅ သိန်းကျပ်ပေးခဲ့ရကြောင်း နိုးတူးအကောင့်ကနေ သိခဲ့ရပါတယ်။

လက်ရှိအချိန်မှာ လဝက က စိစစ်ဆဲ အခြေအနေ ဖြစ်တယ်လို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

"အခုလောလောဆယ် စီစစ်ဆဲ ကာလပဲ ရှိသေးပါတယ်၊ ကျမ ကိုယ်တိုင်လည်းမေးတယ် ပြောတဲ့အခါမှာလည်း အခုပြောတာတစ်မျိုး နောက်ပြောတာတစ်မျိုး ဖြစ်တယ်ပေါ့နော်၊ လဝက အနေနဲ့က စီစစ်နေတယ်၊ စစ်ဆေးနေတယ်ပေါ့နော်၊ ဒီလူတွေရဲ့ စာရင်းကိုတော့ သူတို့လာခဲ့တယ် ဆိုတဲ့နေရာတွေကို ပို့ထားတယ်၊ စစ်တွေထိကိုပေါ့နော်၊ ပြည်တွင်းကလား၊ ပြည်ပကလားဆိုတာ စီစစ်ဆဲကာလပဲ ရှိပါသေးတယ်၊ သို့သော်လည်း အခုဝင်လာတဲ့ နေရာက ကျမတို့ နိုင်ငံရဲ့ ဝင်လို့ရတဲ့ ဝင်ပေါက်မဟုတ်ပါဘူး၊ ဒါကြောင့် ကျမတို့ရဲ့ ပြည်သူတွေက လုံခြုံရေးအတွက်ကို စိုးရိမ်ပူပန်ကြတာပါ"

လမ်းခရီးမှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဝမ်းပျက်ရောဂါကြောင့် အားနည်းပြီး သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ လူကုန်ကူးမှုတွေရှိနေမှာကိုလည်း စိုးရိမ်မိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့ထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့ထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org