မြန်မာ့ငြိမ်းချမ်းရေး ပုံဖေါ်ခြင်း အစီရင်ခံစာ BNI အဖွဲ့ ထုတ်ပြန်
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်ခြင်း ဆိုတဲ့အမည် နဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက် မှုဖြစ်စဉ်နဲ့ အခြေအနေကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် တိုင်းရင်းသား သတင်းဌာနတွေ စုပေါင်းပါဝင်တဲ့ နိုင်ငံတကာ မြန်မာ့ သတင်း (BNI) အဖွဲ့ကြီးက ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။
-
2013-02-16 -
-
-
အစီရင်ခံစာနဲ့အတူ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခု ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လည် ၂ နာရီက ချင်းမိုင်မြို့ Belle Villa ဟော်တယ်မှာ ပြုလုပ်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားနည်းချက၊် အခက်အခဲနဲ့ ဘယ်အဆင့် ရောက်နေပြီဆိုတာတွေကို အဓိကထားတင်ပြထားပါတယ်လို့ အစီရင်ခံစာဖြစ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်တဲ့ ဦးစိုင်းလိတ်က အခုလိုပြောပါတယ်။
“အားနည်းချက်တွေ တွေ့ရတာက နှစ်ဘက်စလုံးမှာ ယုံကြည်မှု အားနည်းနေသေးတယ်ဗျ၊ ဥပမာဆိုပါတော့ အစိုးရဘက်ကလည်းပြောတယ်၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိတော့ဘူး ရပ်ပြီပေါ့၊ သမ္မတကနေ အမိန့်ထုတ်တယ်၊ ကြေညာချက်တွေ ထုတ်တယ်၊ ဒါပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်၊ အဲဒီအခါကြတော့ နှစ်ဘက်က ရှေ့ဆက်သွားဖို့က နည်းနည်းလေး ခက်နေတယ်၊ ယုံကြည်မှု အားနည်းနေတာပေါ့၊ နှစ်ဘက်ကြားထဲမှာက အဲဒီအခါကြတော့ အဆင်မပြေဘူး ဖြစ်နေတယ်၊ နောက်တစ်ချက်ကတော့ တိုင်းရင်းသားဒေသတွေမှာပေါ့၊ သဘာဝအရင်းအမြစ်တွေက ရှိနေတယ်၊ သူတို့ကိုယ်တိုင်က သုံးခွင့်မရဘူး ဖြစ်နေတော့ ဒီအစိုးရက ဘာအစိုးရလဲ ငါတို့ကြတော့ ဘာမှသုံးလို့ မရဘူးဆိုတဲ့ ပုံစံမျိုးတွေ မြင်ပြီးတော့မှ အစိုးရအပေါ် ယုံကြည်မှုအားနည်းတော့ ရှေ့ဆက် အလုပ်လုပ်ဖို့ရာ ခက်နေတာပေါ့”
စာမျက်နှာ (၁၉၄) မျက်နှာရှိတဲ့ ဒီအစီရင်ခံစာကို အပိုင်း (၄) ပိုင်းခွဲတင်ပြထားပြီး ပထမပိုင်းမှာ ၂၀၁၂ ခုနှစ်အတွင်း အပစ်ရပ်လက်မှတ် ထိုးထားတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့အစည်းများအခြေအနေ၊ ဒုက္ခသည် အခြေအနေများကို တင်ပြထားပြီး ဒုတိယအပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းတွေကို တင်ပြထားပါတယ်။ တတိယအပိုင်းအနေနဲ့ အစိုးရနဲ့ အပစ်ရပ်လက်မှတ် ရေးထိုးတားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ဘယ်အဆင့် ရောက်နေပြီလဲဆိုတာနဲ့ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြထားပါတယ်။
နောက်ဆုံးပိုင်းမှာတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အစိုးရနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များဆိုပြီး ဖော်ပြပါရှိပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးတကြီး လိုအပ်နေတာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာရဲ့ အကြံပြုချက်အချို့ကိုလည်း ဦးစိုင်းလိတ်က
“အဓိက အရေးကြီးတဲ့အချက်ကတော့ ယုံကြည်မှု အားနည်းနေတဲ့ဟာကို အားကောင်းအောင် လုပ်ဖို့ပေါ့၊ နှစ်ဘက်ကြားထဲမှာ ယုံကြည်မှုအားနည်းနေတော့ ရှေ့ဆက်တက်ဖို့ရာ နည်းနည်းလေး ခက်နေတာပေါ့၊ ယုံကြည်မှု အားကောင်းလာအောင် လုပ်ဖို့ဆိုရင်လည်း ရှိသမျှစစ်ပွဲတွေကို အကုန်လုံးရပ်လိုက်မယ်၊ အစိုးရဘက်က လုံးဝစစ်ထိုးတာတွေ ဘာတွေမလုပ်တော့ဘဲနဲ့ ရပ်လိုက်ပြီးတော့မှ confidence building ပေါ့၊ ယုံကြည်မှုတည်ဆောက်တဲ့ ဟာတွေ ဆက်လုပ်မယ်ဆိုရင်တော့ ဆွေးနွေးပွဲတွေဟာ ပိုပြီးတော့ ဖြူးဖြူးဖြောင့်ဖြောင့် ဖြစ်လာမယ်ပေါ့”
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်သတင်းစဉ်(KIC)က အယ်ဒီတာချုပ် ဒေါ်နန်းဖောဂေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍနဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းတို့က နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းတင်ပြသွားတယ်လို့ သိရပါတယ်။