မွတ်စလင်ဒုက္ခသည် ၁၀၆ ဦး မနက်ဖြန် စစ်တွေကို ရောက်ရှိမည်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကနေ ပြန်ပို့လိုက်တဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးဟာ မနက်ဖြန် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တွေမြို့နယ်ကို ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို ရေတပ်သင်္ဘော ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်စဉ် Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကနေ ပြန်ပို့လိုက်တဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးဟာ မနက်ဖြန် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တွေမြို့နယ်ကို ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောဟာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကမ်းခြေအနီးမှာ ဆိုက်ကပ်ဖို့ စီစဉ်ထားပြီး အဲဒီနေရာမှာ ဆိပ်ကမ်းမရှိတာကြောင့် သင်္ဘောရှိရာကနေ လှေငယ်တွေနဲ့ ကုန်းပတ်ပေါ်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ဒီနေ့ညနေပိုင်းမှတော့ာ သင်္ဘောဆိုက်ကပ်မယ့် နေရာအနီးမှာ ရဲတပ်ဖွဲ့လုံခြုံရေး အများအပြားချထားတာတွေ့ရပြီး သင်္ဘောပေါ်ကနေ ကမ်းကိုသယ်ယူမယ့် စက်လှေတွေကို အဆင်သင့်စီစဉ်ထားတာ တွေ့ရတယ်လို့ အဲဒီနေရာကိုရောက်ရှိနေတဲ့ မွတ်စလင်တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းပိတ်ထားတာကြောင့် မေးမြန်းလို့မရခဲ့ပါဘူး။

စစ်တွေမြို့နယ် အနောက်ဘက် မွတ်စလင်ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ မွတ်စလင် ၁၀၆ ဦးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေကို နေရပ်ကိုပြန်လည်ပို့ဆောင်ဖို့အတွက် ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ တပ်မတော်ရေတပ်သင်္ဘောဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က သာကေတကနေတဆင့် စစ်တွေမြို့နယ်ကို ထွက်ခွာလာတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org