ဗိုလ်ချုပ်ကျေးရွာမှာ ဓာတ်ငေ့ွတွေ ထွက်လာတာကြောင့် မီးအသုံးပြုမှု တားမြစ်ထား

ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ အဝီစိတွင်းတူးတဲ့နေရာကနေ ဓာတ်ငွေ့တွေ ပန်းထွက်လာတာကြောင့် ပေ ၁၀၀ ပတ်လည်အတွင်း မီးမသုံးဖို့ တားမြစ်ထားတယ် လို့ သိရပါတယ်။

သန်လျင်မြို့ ဗိုလ်ချုပ်ရွာရှိ စံပယ်လမ်းသွယ်က နေအိမ်တအိမ်မှာ အဝီစိတွင်းတူးရာမှ ထွက်လာတဲ့ ဓါတ်ငွေ့တွေကို တွေ့ရစဉ် Photo: Nay Lin Aung's FB

ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ အဝီစိတွင်းတူးတဲ့နေရာကနေ ဓာတ်ငွေ့တွေ ပန်းထွက် လာတာကြောင့် ပေ ၁၀၀ ပတ်လည်အတွင်း မီးမသုံးဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။

မြေအောက်ကနေ ထွက်လာတဲ့ ဓာတ်ငွေ့အများစုမှာ မီသိန်းဓာတ်ငွေ့ ပါဝင်မှုများတာကြောင့် ပေ ၁၀၀ ပတ်လည် အတွင်း မီးမသုံးဖို့ တားမြစ်ထားသလို ပတ်ဝန်းကျင်နေအိမ်တွေကိုလည်း မီးသုံးစွဲမှု သတိထားဖို့ လိုက်ပြီး သတိပေးနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ အဝီစိတွင်းတူးရင်းကနေ ဓာတ်ငွေ့တွေ ထွက်လာတာကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE က ဓာတ်ငွေ့ဆိုင်ရာ ကျွမ်းကျင်သူတွေက လာရောက်ကြည့်ရှုတဲ့အခါမှာ မြေအောက်မှာ ခိုအောင်းနေတဲ့ Bio Gas တွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဓာတ်ငွေ့ထဲမှာ ဘယ်လိုဓာတ်ပစ္စည်းတွေပါဝင်တယ်ဆိုတာကို ဓာတ်ခွဲစမ်းသပ်ရမှာဖြစ်တဲ့အကြောင်း၊ ဓာတ်ငွေ့တွေပန်းထွက်ပြီး မြေပေါ်မှာ တင်ကျန်နေတာတွေကို ရေနဲ့ဆေးထားတဲ့အကြောင်း၊ အဲဒီနေရာမှာ မီးမသုံးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တွေက စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org