ဗိုလ်ချုပ်ကြေးရုပ်ဖျက်ဆီးသူကို စုံစမ်းနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အစိမ်းရောင်ဆေးနဲ့ ပက်ပြီး ဖျက်ဆီးသွားသူကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုတိယ ရဲမှူးကြီး က ပြောပါတယ်။

မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်က သင်္ဘောဆေး နဲ့ ပက်ဖျန်း ဖျက်ဆီးခံထားရတဲ့ ဗိုလ်ချုပ် ကြေးရုပ် ကို ၂၀၁၈၊ ဇူလိုင် ၂၃ က တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အစိမ်းရောင်ဆေးနဲ့ ပက်ပြီး ဖျက်ဆီးသွားသူကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုတိယ ရဲမှူးကြီး က ပြောပါတယ်။

မြစ်ကြီးနားမြို့ အခြေစိုက် ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယ ရဲမှူးကြီး မျိုးသူရနောင် က ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက အဲဒီလို လုပ်ဆောင်ခဲ့လဲဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။

"ကျနော်တို့ အခု စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။ မနက်က ကျနော်တို့ သိတယ်။ ဖြစ်တဲ့နေရာကို သွားပြီးကြည့်တဲ့ အခါကျတော့ ရထားလမ်းဘက်အခြမ်းပေါ့။ အဲဒီဘက်ကနေပြီးတော့ ခြံစည်းရိုး ကျော်ဝင်ပြီးတော့မှ လုပ်သွားတဲ့ အပိုင်းပါဗျ။ သင်္ဘောဆေးနဲ့ ပက်ပြီးတော့မှ"

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ်အဖြစ် စိုက်ထူတည်ဆောက်ထားတဲ့ ကြေးရုပ် အပေါ်ပိုင်း မျက်နှာဟာ အစိမ်းရောင်ဆေးနဲ့ ပက်ဖျန်း ဖျက်ဆီးခံခဲ့ရသလို၊ ရုပ်တု အောက်ခြေပိုင်းတချို့လည်း ပျက်စီးနေတဲ့အခြေအနေ ဖြစ်ပါတယ်။

အဲဒ ီဗိုလ်ချုပ်အောင်ဆန်း ရင်ပြင် နဲ့ ကြေးရုပ်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ အခုရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အဲဒီနေရာမှာ ပြည်နယ်အစိုးရက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org