မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ရဲတစ်ဦး သေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြိုနယ်မှာရှိတဲ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ နိုဝင်ဘာလ ၄ ရက် ဒီနေ့ မနက် ၆ နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ကြပ်တစ်ဦး သေဆုံးကာ ဒုရဲအုပ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“ဖားကန့်ဆောင် အိမ်သာနားမှာဖြစ်သွားတာ၊ အမဲထုတ်တွေ့တယ်ဆိုလို့ ရဲကလာကြည့်တာမှာ ပေါက်သွားတာ၊ အခုတော့ ဝိုင်းထဲ ဘယ်သူမှမရှိကြတော့ဘူး၊ ကျောက်ဝိုင်းက မကြာခဏပေါက်ကွဲ တာတွေဖြစ်တော့ ကျောက်သမားတွေ သိပ်တော့မလာရဲကြဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
အဲဒီကျောက်ဝိုင်းဟာ ဒီနေ့ပေါက်ကွဲမှုအပါအဝင် သုံးကြိမ်ထက် မနည်းရှိပြီဖြစ်ပါတယ်။
ဒီဖောက်ကွဲမှုကို ဗမာ့ဇာမဏီအဖွဲ့ (BPO) ရဲ့ မြို့ပြစစ်ဆင်ရေးကော်မတီက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့က ဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ စစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းတွေ၊ သတင်းပေးသူတွေနဲ့ တပ်စွဲထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဗမာ့ဇာဏီအဖွဲ့က ဆိုပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကိုဗစ် - ၁၉ စည်းကမ်းတွေကြောင့် မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းကို ပိတ်ထားခဲ့ပေမယ့် ဈေးသည်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပေါက်ကွဲမှုမဖြစ်ခင် နိုဝင်ဘာလ ၃ ရက်နေ့ မနေ့က မန္တလေးမြို့ကို စစ်ကောင်စီဥက္ကဋ္ဌ လာရောက်ခဲ့ တာကြောင့် လုံခြုံရေးတွေ တိုးမြှင့်ထားတာလည်းဖြစ်ပါတယ်။