လားရှိုးမှာ ဗုံးသီးပေါက်ကွဲလို့ ကလေး လေးဦးဒဏ်ရာရ
လားရှိုးမြို့ အမှတ် (၇) ရပ်ကွက် နယ်မြေ (၆) မှာ ဗုံးသီးတစ်လုံးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ကလေးငယ် လေးဦး ဒဏ်ရာရသွားပါတယ်။
-
RFA Burmese
2024-06-20 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် (၇) ရပ်ကွက် နယ်မြေ (၆) မှာ ၂၀၂၄ ဇွန်လ၂၀ ရက် နေ့လယ်ပိုင်းက ဗုံးသီးတစ်လုံးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ကလေးငယ် လေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးသီးဆော့ ကစားတဲ့ ကလေးငယ်နဲ့ အနီးအနားမှာ ရှိတဲ့ ကလေးတွေထဲက သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီ ဗုံးသီးက ကျွတ်ကျွတ်အိတ်ထဲ ထည့်ထားတာကို ကလေးက ဆော့တာ။ လမ်းမပေါ်မှာ ဆော့တော့ ကျောင်းဆင်းချိန် ကျန်တဲ့ကလေးတွေက ဝိုင်းကြည့်နေတုန်း ဖြစ်သွားတာ။ ဆော့တဲ့ ကလေးကတော့ လက်ပြတ်သလို ဖြစ်သွားတယ်။ ဆေးရုံကို ပို့လိုက်ပြီ”
ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်တွေဟာ အသက် ၁၄ နှစ် နဲ့ ၁၃နှစ် အရွယ်တွေဖြစ်ပြီး မိန်းကလေးနှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရတဲ့ ကလေးတွေကို လူမှုကူညီရေးအသင်းတွေရဲ့အကူအညီနဲ့ လားရှိုးဆေးရုံကို ပို့ပေးထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ရပြီး ၄၂ ဦး ဒဏ်ရာရခဲ့ပါတယ်။