တောင်တွင်းကြီးက စစ်တပ် စစ်ဆေးရေးဂိတ် ဗုံးခွဲခံရ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အထွက် အသောကဘုန်းကြီးကျောင်းအနားက တောင်တွင်းကြီးနဲ့မြို့သစ် ကားလမ်းကိုပိတ်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၁၆ ရက် မနေ့ညက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-16
-
-
-
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အထွက် အသောကဘုန်းကြီးကျောင်းအနားက တောင်တွင်းကြီးနဲ့မြို့သစ် ကားလမ်းကိုပိတ်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၁၆ ရက် မနေ့ညက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၀ နာရီခွဲကျော်မှာ တစ်လုံးနဲ့ ၁၁ နာရီခွဲကျော်မှာတစ်လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး လူနာတင်ကားတွေ အများကြီး ရောက်လာတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရတယ် ထင်တယ်၊ ပထမတစ်ကြိမ် ဗုံးကွဲသံကြားပြီး မကြာလိုက်ဘူး လူနာတင်ကားတွေ ရောက်လာတယ်၊ ထိတဲ့သူတွေကို တင်သွားတာ တွေ့တယ်၊ ဒုတိယဗုံးကွဲတော့လည်း ထိကြမှာပဲလေ” လို့ ဒေသခံက ဆိုပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဟာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို နှိပ်စက်နေတာတွေ ရပ်တန်းကရပ်ဖို့လည်း ထပ်ပြီးသတိပေးတယ်လို့ ဗိဿနိုးကာကွယ်ရေးအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဗုံးခွဲခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးမှု အခြေအနေကို တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်တွင်းကြီးမြို့ကို စက်တင်ဘာ ၁၄ ရက်နေ့ကတည်းက အင်တာနက်မြန်နှုန်း 3G နဲ့ 4G တွေကိုဖြတ်တောက်ထားပြီးနောက် ကျေးရွာတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။