မြန်မာပြည်သူများ ဒုက္ခ ဖော်ပြသည့် စာအုပ် မိတ်ဆက်ပွဲကျင်းပ
မြန်မာစစ်အစိုးရလက်အောက် ရှင်သန်ရတဲ့ ဘဝအစုံစုံ ပြန်ပြောင်း ပြောပြထားတာတွေကို စုစည်းပြီး Nowhere to be Home (ဘယ်မှာမှ အိမ်မဟုတ်နိုင်) ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ မတ်လ ၁၇ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
-
2011-03-18 -
-
-
စာအုပ်ခေါင်းစဉ်ခွဲကတော့ Narratives from Survivors of Burma’s Military Regime မြန်မာစစ်အစိုးရအောက် ရှင်သန်ကျန်ရစ်သူတွေ ပြောပြတဲ့ အကြောင်းအရာတွေလို့ နာမည်ပေးထားပါတယ်။
Burma Restaurant မြန်မာစားတော်ဆက်မှာ ကျင်းပတာ ဖြစ်ပြီး စာအုပ်ရေးသားတဲ့ အမေရိကန် စာရေးဆရာမ Maggie Lemere နဲ့ Zoe West တို့ က ဒီ စာအုပ်အကြောင်းကို မိတ်ဆက်ပေးပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း တိုင်းပြည်က ထွက်ပြေးရပြီး ထိုင်းနိုင်ငံကတဆင့် တတိယနိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုမှာ အခြေချ နေထိုင်နေရတဲ့ ဓာတ်ပုံ သတင်းထောက် လောအယ်စိုးနဲ့ ဦးဥဂ္ဂဉာဏတို့ ပြောတာတွေကိုလည်း စိတ်ဝင်စားဖွယ် တင်ပြထားပါတယ်။
ဒါ့အပြင် ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ရောက်နေကြပြီး မြန်မာနိုင်ငံကို ပြန်လို့မရကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး အရလှုပ်ရှားသူတွေ။ သတင်းထောက်တွေ၊ ရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားတွေရဲ့ ဘဝ အဖုံဖုံကိုလည်း ဖော်ပြထားပါတယ်။
စာရေးသူ နှစ်ဦးဟာ ပြည်တွင်းကိုလည်း ရောက်သွားခဲ့ပြီး နာဂစ် မုန်တိုင်းဒဏ်သင့်သူတွေနဲ့ မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ကိုင်ရင်း အကျဉ်းချခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ သတင်းထောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ပြောပြတဲ့ အကြောင်းတွေကိုလည်း တဆင့် ဖောက်သည်ချထားပါတယ်။
စာအုပ် အဖွင့်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း Mary Robinson က အမှာစကား ရေးသားထားပါတယ်။