ထွက်ပြေးတဲ့ နယ်ခြားစောင့်ရဲတွေ ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ကောင်စီ ညှိနှိုင်း

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူမယ့်အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ဆက်သွယ်ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ ukhiyanews

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံလာတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (BGP) တွေကို ပြန်ခေါ်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Bangladesh Sangbad Sangstha (BSS) သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူမယ့်အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ဆက်သွယ်ပြောကြားခဲ့တာလို့ ဆိုပါတယ်။

လေကြောင်း ဒါမှမဟုတ် ရေကြောင်းနဲ့ ပြန်ခေါ်မလားဆိုတာကို နှစ်နိုင်ငံအကြား ဆွေးနွေးနေတယ်လို့လည်း ဒေါက်တာ ဟာဆန်မာမွတ်က ပြောပါတယ်။

India Today ရဲ့ ဖော်ပြချက်အရ ဖေဖော်ဝါရီ ၄ ရက် မနက်မိုးမလင်းခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင် ခြောက်ဆယ်ထက်မနည်း ရှိနေပါတယ်။

မောင်တောဒေသခံ တစ်ယောက်ကတော့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုလက်ယာ အခြေစိုက်စခန်း (၇) က တပ်ဖွဲ့ဝင်တွေ ထွက်ပြေးကြတာလို့ RFA ကို ဖေဖော်ဝါရီ ၄ ရက်နေ့က ပြောပါတယ်။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်လုံခြုံရေး အထူးသတိထားဖို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အမိန့်ထုတ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နယ်စပ်ချင်း ၁၆၅ မိုင်ကျော် ထိစပ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org