UID လက်မှတ်ရှိသူတွေကိုသာ နယ်စပ်ဖြတ်သန်းခွင့်ပြုတော့မယ်လို့ စစ်ကောင်စီပြော

လူတစ်ဦးချင်းစီရဲ့ ဇီ၀အချက်အလက်ကောက်ယူ မှတ်ပုံတင်ပြီးမှ စစ်ကောင်စီက ထုတ်ပေးတဲ့ UID လက်မှတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်ပြုတော့မယ်လို့ စစ်ကောင်စီက ဧပြီလ ၄ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ နယ်စပ်ဖြတ်ဖို့ တန်းစီနေကြသူများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အတွင်းက တွေ့ရစဉ်။ Citizen Journalist

လူတစ်ဦးချင်းစီရဲ့ ဇီ၀အချက်အလက်ကောက်ယူ မှတ်ပုံတင်ပြီးမှ စစ်ကောင်စီက ထုတ်ပေးတဲ့ UID လက်မှတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်ပြုတော့မယ်လို့ စစ်ကောင်စီက ဧပြီလ ၄ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပါတယ်။

UID လက်မှတ်ဟာ အသက် ၁၀ နှစ်အထက်ရှိသူတွေရဲ့ ဇီ၀အချက်အလက်နဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ယူပြီးနောက် သက်သေခံမှတ်ပုံတင်အဖြစ်ထုတ်ပေးတဲ့ ဂဏန်းဆယ်လုံးပါလက်မှတ် (Unique Identity Number) ဖြစ်ပါတယ်။

လာမယ့် မေလ ၁ ရက်နေ့ကစလို့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို နယ်စပ်ဖြတ်သန်းခွင့်လျှောက်တဲ့အခါ အရင်ထုတ်ပေးထားတဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံတင်ကတ်) နဲ့ မရတော့ဘဲ UID ကတ်ပြားမှသာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးတော့မှာပါ။

အရင်ကတော့ နယ်စပ်ဖြတ်သန်းခွင့်အတွက် အဝင်၊ အထွက်ဂိတ်တွေကနေ နိုင်ငံသားမှတ်ပုံတင်နဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် TBP (Temporary Border Pass)၊ BP(Border Pass) တွေ လျှောက်လို့ရခဲ့ပါတယ်။

အခုလိုပြောင်းလဲလိုက်တာဟာ နိုင်ငံသားမှတ်ပုံတင်အတုနဲ့ အသုံးမပြုတော့တဲ့ ကတ်ပြားကိုင်တာတွေ စီစစ်ဖို့နဲ့ နယ်စပ် အဝင်၊ အထွက် လူဦးရေစာရင်းတိကျစွာရဖို့အတွက်ပြုလုပ်တာလို့ စစ်ကောင်စီဘက်က ပြောပါတယ်။

လုံခြံရေးအရ အမည်ဖော်လိုတဲ့ မူဆယ်ဒေသခံတစ်ဦးကတော့ မူဆယ်ခရိုင်တစ်ခုလုံးအတွက် UID ကတ်ကို လူတစ်ရာပဲ နေ့စဉ်ထုတ်ပေးတာကြောင့် အခက်အခဲရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“မူဆယ်ခရိုင်တစ်ခုလုံးအတွက် ထုတ်ပေးတာက နေ့စဉ် လူတစ်ရာအတွက်ပဲ။ အဲဒီတော့ UID ကတ်ထုတ်ဖို့ တုံကင်ပြန်ယူနေရတယ်။ ဒါက မလုံလောက်တဲ့ အခြေအနေပေါ့။ UID ကတ်ထုတ်ဖို့ လူဦးရေကို တိုးပြီး ထုတ်ပေးဖို့တော့လိုတယ်”

UID ကတ်ကို ကိုယ်နေထိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ နိုင်ငံသားစီစစ်ရေးကတ်ပြား ဒါမှမဟုတ် တရားဝင်အသိအမှတ်ပြုအထောက်အထားတစ်ခုခုနဲ့ ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တရုတ်-မြန်မာ မူဆယ်နယ်စပ်ဂိတ်မှာတော့ တစ်နေ့ကို လူနှစ်ထောင်ခန့် နေ့စဉ် နယ်စပ်ဖြတ်သန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org