ရသေ့တောင်နယ်ခြားစောင့်စခန်း နှစ်ခု မနေ့ကမီးလောင်လို့ ဒေသခံတွေထိတ်လန့်နေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေမှာရှိတဲ့ ညောင်ပင်လှနဲ့ သဇင်မြိုင်နယ်ခြားစောင့်စခန်း နှစ်ခု မနေ့ ညနေပိုင်းက မီးလောင်ခဲ့ပြီး အဲဒီစခန်းကို မနေ့တုန်းက ရုပ်သိမ်းသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တပ်က နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတဲ့သတင်းကြောင့် စစ်တွေမြို့ သောဘိတာရာမ ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ်က ဒေသခံတွေကို ၂ဝ၂ဝ၊ ဇူလိုင် ၁ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေမှာရှိတဲ့ ညောင်ပင်လှနဲ့ သဇင်မြိုင်နယ်ခြားစောင့်စခန်း နှစ်ခု မနေ့ ညနေပိုင်းက မီးလောင်ခဲ့ပြီး အဲဒီစခန်းကို မနေ့တုန်းက ရုပ်သိမ်းသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက AA အဖွဲ့ရဲ့တိုက်ခိုက်တာခံရတဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်းနဲ့ ညောင်ပင်လှ နယ်ခြားစောင့်စခန်းနှစ်ခုကို မနေ့က ရုပ်သိမ်းသွားတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် ပြောပါတယ်။

"အဲဒါနှစ်ခုက နယ်ခြားစောင့်ရဲကင်းတွေ၊ တပ်ဘက်က ပြန်ရုပ်သိမ်းသွားတယ်၊ နာရီပိုင်း လောက်အကြာမှာ ရဲစခန်းတွေ မီးလောင်တယ်၊ အဲဒါတော့ အတည်ပြုလို့ရတယ်၊ အဲဒီနှစ်ခုစလုံးက အပစ်ခံရဘူးတယ်၊ လွန်ခဲ့တဲ့ တစ်လကျော် နှစ်လလောက်က။"

သဇင်မြိုင်စခန်းဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့တုန်းက AA အဖွဲ့တိုက်ခိုက်တာခံရပြီး ရဲတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ပြီး တချို့ ပျောက်ဆုံးခဲ့ဘူးတဲ့စခန်း ဖြစ်ပါတယ်။

လုံခြုံရေးအရအမည်မဖော်လို့တဲ့ သဇင်မြိုင်ရွာသားတစ်ဦးကတော့ မနေ့ညနေ ၅ နာရီ လောက်က သဇင်မြိုင် စခန်းက ရဲတွေ စခန်းကိုထားပြီး ထွက်သွားတာတွေ့လိုက်တယ်လို့ ပြောပါတယ်။

"မနေ့က ညနေ ၅ နာရီလောက်မှာ တံခါးတွေပိတ်ပြီးထွက်သွားတာ၊ သူ့တို့ အပြီးပိုင်ထွက် သွားတာ၊ ၅၃ ယောက်ပဲ ထွက်သွားတာ၊ စေတီပြင်ဘက်ကိုသွားတာ ရဲစခန်းဆုတ်သွားပြီလို့ပြောတယ်။"

ဒီနယ်ခြားစောင့်ရဲစခန်းကို မနေ့ ညနေပိုင်းမှာ မီးလောင်တာတွေ့ရပြီး ဘယ်သူမီးရှို့တယ်ဆိုတာတော့ မသိဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

သဇင်မြိုင်ကျေးရွာဟာ အိမ်ခြေ ၄၀ လောက်ရှိပြီး တိုက်ပွဲတွေဖြစ်မှာစိုးတာကြောင့် ဒီနေ့မနက်ပိုင်းမှာပဲ ဒေသခံ ၁၀၀ ကျော်ဟာ ထိတ်လန့်နေကြပြီး တချို့လည်း ထွက်ပြေးသွားတယ်လို့ အမည်မဖော် လို့တဲ့ဒေသခံက ပြောပါတယ်။

ရဲစခန်း နှစ်ခုစလုံး မနေ့က မီးလောင်ခဲ့တယ်ဆိုတာကိုတော့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက အတည်ပြုပါတယ်။

"ရုပ်သိမ်းတာတော့ ကျနော်မသိဘူး၊ မီးရှိုခံရတာတော့ ဟုတ်တယ်၊ မနက်က စာရေးသတင်း ပို့တယ်၊ ရုပ်သိမ်းတာတော့ ရဲတပ်ဖွဲ့မေးမှသိမယ်၊ နယ်ခြားစောင့်ဆိုတော့ ဒီကရဲကလည်း သိမှာ မဟုတ်ဘူး။ နယ်ခြားစောင့်မေးမှသိမယ်၊ သူတို့နဲ့ ကျနော် အဆက်အသွယ်မရှိဘူး၊ မီးရှိုခံရတာတော့ဟုတ်ပါတယ်၊ ဘယ်သူမှမရှိဘူးတဲ့ မီးရှိုခံရတယ်လို့ ရွာကစာရေးက သတင်းပို့တယ်။"

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးကို ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကိစ္စဟာ သူတို့နဲ့ မဆိုင်ဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုပဲ မေးဖို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အင်အား နည်းလို့ အင်အားပြန်စုစည်းတာလို့ ပြောပါတယ်။

"အတိအကျတော့မသိဘူး၊ စခန်းအရေအတွက်တို့ ဘာတို့တော့၊ အင်အားနည်းတဲ့စခန်းလေးတွေကို လုံခြုံရေးအရ အင်အားပြန်စုစည်းတာတော့ ရှိပါတယ်"

ရသေ့တောင်မြို့နယ်အတွင်း ဒီရက်ပိုင်းမှာ တပ်မတော်ကနေ စစ်ဆင်ရေးလုပ်နေတာကြောင့် ကျောက်တန်း နယ်မြေဘက်မှာ AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာလည်း ရွာနားမှာ တိုက်ပွဲတွေ ဖြစ်တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေတာတွေရှိပြီး စစ်ဘေးဒုက္ခသည်တွေဟာ ရသေ့တောင်မြို့ပေါ် အပါအဝင် နီးစပ်ရာကျေးရွာတွေ၊ နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးနေတယ်လို့ အကူညီပေးသူနေတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက တိုက်ပွဲကာလအတွင်း ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်း နီးပါးအထိရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org