တိုက်ပွဲကဆုတ်ခွာလာတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ စက်လှေတိမ်းမှောက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေအနီးမှာ တိုက်ပွဲတွေကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ စက်လှေမှောက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇွန်လ ၉ ရက်နေ့က ပျံ့နှံ့လာခဲ့ပါတယ်။
-
RFA Burmese
2024-06-10 -
-
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေအနီးမှာ တိုက်ပွဲတွေကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ စက်လှေမှောက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇွန်လ ၉ ရက်နေ့က ပျံ့နှံ့လာခဲ့ပါတယ်။
စက်လှေပေါ်မှာ ပါလာသူတွေဟာ မောင်တောမြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၄) နဲ့ နခခ (၉) ကနေ ဆုတ်ခွာလာတဲ့ တပ်သားတွေ၊ မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးကတော့ ဒီဖြစ်စဉ်က ဇွန်လ ၇ ရက်နေ့က ဖြစ်ခဲ့တာလို့ RFA ကို အတည်ပြုပြောပါတယ်။
“ဇွန်လ ၇ ရက်နေ့က ဖြစ်ခဲ့တာပါ။ အခုအဲဒီလူတွေ ဘယ်မှာရောက်နေသလဲဆိုတာတော့ တိတိကျကျ မသိပါဘူး။ သူတို့က စခန်းကိုစွန့်ပြီး ပြေးကြတာ။ အဲဒီနေ့က ရာသီဥတုကလည်း တော်တော်ဆိုးတော့ လှေမှောက်ပြီး သေတာ။ အမျိုးသမီးနှစ်ဦးအလောင်း ရှာမတွေ့ဘူးလို့ သိထားပါတယ်”
ရုပ်သံမှတ်တမ်းမှာတော့ နယ်ခြားစောင့်စခန်းတွေကနေ ဆုတ်ခွာကြစဉ် အရာရှိတွေက ကမ်းထိုးရေယာဉ်ပေါ် အရင်သွားခဲ့ပြီး တပ်သားတွေ၊ ဒဏ်ရာရသူတွေနဲ့ မိသားစုဝင်တွေက စက်လှနှစ်စီးနဲ့ ထပ်မံလာရောက်စဉ်မှာ ရေယာဉ်အနီး အကပ်မခံတော့ဘဲ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ရုပ်သံမှတ်တမ်းရိုက်ကူးသူက ပြောဆိုထားပါတယ်။
"တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာတဲ့အချိန်မှာတော့ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ ကဲ့ပေးမယ်လို့ ဗျူဟာက ချိတ်ပေးတယ်။ မောရဝတီဗျူဟာက ချိတ်ပေးတဲ့အတွက် တပ်မမှူးအမိန့်လည်း ရပြီ၊ ကွပ်ကဲရေးမှူးအမိန့်လည်း ရပြီဆိုတော့ ဆုတ်မယ်ပေါ့၊ ကျွန်တော်တို့က။ သူတို့ (အရာရှိ) တွေက အရင်စက်လှေနဲ့ ကမ်းထိုးပေါ် တက်သွားတယ်။ သူတို့ရောက်တော့ စစ်လှေပြန်လွှတ်ပြီး နောက်ကျန် တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေနဲ့ မိသားစုဝင်တွေကို သွားပို့တဲ့အချိန် စက်လှေနှစ်စီးကို ကမ်းထိုးယာဉ်ပေါ်ကနေ သေနတ်နဲ့ ပစ်တယ်ဗျာ။ အကပ်လည်း မခံဘူး။ အတက်လည်း မခံဘူးဗျာ"
ကမ်းခြေကို စက်လှေတွေ ပြန်ကပ်စဉ်မှာတော့ လှိုင်းကြီးပြီး စက်လှေတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ ရုပ်သံဖိုင်မှာပါဝင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
“အဲဒီရုပ်သံဖိုင်က သူတို့ဘက်က တင်တဲ့ဖိုင်ပေါ့။ အဲဒီမှာပါတဲ့သူတွေက အလယ်သံကျော် ကမ်းခြေအနီးက တောင်တွေပေါ်မှာ တက်နေတယ်လို့သိထားတယ်။ လောလောဆယ် ကျွန်တော်တို့ ထိန်းသိမ်းထားတာ မရှိဘူး။ အဲဒီစစ်သားတွေကပဲ မနေ့ညက အလယ်သံကျော်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်တယ်။ အေအေက သူတို့ကို တိုက်မှာစိုးလို့ပေါ့”
အဲဒီနေ့ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ရက္ခိုင့်တပ်တော် (AA) အနေနဲ့ တိုက်ခိုက်တာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၂၁ ဦးကို အလယ်သံကျော်ကမ်းစပ်ကနေ ခေါ်ယူကယ်တင်ခဲ့ပြီး ထိခိုက်သေဆုံးတာမျိုး မရှိဘူးလို့ ရေးသားထားပါတယ်။
မောင်တောမြို့နယ်မှာ နယ်ခြားစောင့်တပ်စခန်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ခြောက်ခုကို သိမ်းပိုက်ထားနိုင်ပြီး ကျန်စခန်းတွေကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။