လွိုင်ကော်အနီး တိုက်ပွဲပြင်းထန်နေ၊ ပြည်သူတွေ အပြင်မထွက်ဖို့ နှစ်ဖက်စလုံး ကြေညာထား
လွိုင်ကော်မြို့အနီးမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် လွိုင်ကော်မြို့ပေါ်မှာ အပြင်မထွက်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့က ကြေညာသွားပါတယ်။
-
RFA Burmese
2023-11-11 -
-
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် အစောပိုင်းကစပြီး ကရင်နီ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒီနေ့ နေ့လယ် ၁၂ နာရီကစပြီး လွိုင်ကော်မြို့ပေါ်မှာ အပြင်မထွက်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့က ကြေညာ သွားတယ်လို့ လွိုင်ကော်မြို့ခံတွေက RFA ကို ပြောပါတယ်။
နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်နေပြီး မြို့မှာ နေထိုင်သူတချို့လည်း နေရပ်စွန့်ခွာ တာတွေ ရှိလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု နေ့လယ် ၁၂ နာရီကစပြီး အပြင်မထွက်ကြဖို့ ကြေညာသွားတယ်။ အပြင်ထွက်ရင် ပစ်မိန့်ရှိတယ်လို့လည်း ပြောသွားတယ်။ အခုတော့ လက်နက်ကြီးသံတွေ ကြားနေရ တုန်းပဲ။ အပြင်မထွက်ရလို့ဘဲ ကြေညာသွားတယ်။ ဘယ်အချိန် ပြန်ထွက်ရမလဲ ဆိုတာ မသိသေးဘူး”
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း ကရင်နီ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ် အပြင်ထွက်တာ၊ လမ်းခရီး သွားလာတာတွေ မလုပ်ကြဖို့ အသိပေးထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့အနီး နေထိုင်သူ တစ်ဦးကလည်း နိုဝင်ဘာ ၁၁ ရက် ဒီမနက် အစောပိုင်းကစလို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းရွာမှာ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းကုန်း နှစ်ခုကို ကရင်နီ ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။