ခိုတောင်းကျွန်း လူသတ်မှု ဗြိတိန်ရဲ စုံစမ်းရေး စတင်
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က စနေနေ့က အဲ့ဒီကျွန်းကို စတင် သွားရောက် စုံစမ်း စစ်ဆေးခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြ ပါတယ်။
-
2014-10-27 -
-
-
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန် ရဲတပ်ဖွဲ့က စနေနေ့က အဲ့ဒီကျွန်းကို စတင် သွားရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။
ဗြိတိန် မှုခင်းဆေးပညာရှင်တစ်ဦးနဲ့ ရာဇဝတ်မှု အခင်းအကျင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးတို့နဲ့အတူ ထိုင်းရဲချုပ်ရဲ့အကြံပေးပုဂ္ဂိုလ်နဲ့ ထိုင်းရဲတပ်ဖွဲ့ အကြီး တန်းအရာရှိတစ်ဦးတို့ဟာ စနေနေ့က ဘန်ကောက် ကနေ ခိုတောင်းကျွန်းကို ရဟတ်ယာဉ်နဲ့သွားရောက် စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။
စုံစမ်းရေးအဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာနဲ့ အနီးတဝိုက်ကနေရာတွေ၊ သေဆုံးသူ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်မခံရခင်ရှိခဲ့တဲ့ AC Bar နဲ့ ဗြိတိန်နိုင်ငံသားရဲ့ လက်ကိုင်ဖုန်း တွေ့ရှိခဲ့ရာ နာရီစင် စတဲ့နေရာတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ ဓါတ်ပုံတွေရိုက်ကူး၊ အချက်အလက်တွေ မေးမြန်းခဲ့ကြပါတယ်။ အဲ့ဒီနောက် ဘန်ကောက်ကို မပြန်ခင် ခိုတောင်း စည်ပင်သာယာရုံးမှာ တံခါးပိတ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ် တချို့ကတော့ အဲ့ဒီ ဗြိတိန် ကျွမ်းကျင်သူနှစ်ဦးနဲ့အတူ စကော့တလန်ယာ့ဒ်အဖွဲ့က လာတဲ့ ရဲသုံးယောက်တို့ ခိုတောင်ကျွန်းမှာ ပူးပေါင်းခဲ့ကြတယ်လို့ ပြောဆိုကြောင်း Bangkok Post က ဖော်ပြပါတယ်။
ဗြိတိန်ရဲတွေဟာ လျို့ဝှက်လာရောက် စုံစမ်းခဲ့ကြတာဖြစ်ပြီး၊ သူတို့ရဲ့စုံစမ်းမှုမှာ ဒေသခံရဲတွေ မပါဝင်သလို၊ သူတို့လာရောက်စုံစမ်းသွားခဲ့တာကို ခိုတောင်း မြို့တော်ဝန်တောင် မသိလိုက်ဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ဆွေးနွေးပွဲမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ အပေါ် ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ လေ့လာခွင့်ပြုဖို့ တောင်းဆိုခဲ့ရာမှာ ထိုင်း အာဏာသိမ်း စစ်အစိုးရ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချားက သဘောတူညီခဲ့ပါတယ်။