ခါမ်းပါတ်မြို့က စစ်ကောင်စီတပ်စခန်းနှစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ
ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ဝိတုတ်တပ်စခန်း နှစ်ခုကို KIA၊ CDF (တွန်းဇံ)နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
-
RFA Burmese
2023-11-03 -
-
-
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ဝိတုတ်တပ်စခန်း နှစ်ခုကို နိုဝင်ဘာလ ၃ ရက် ဒီနေ့မနက် အစောပိုင်းမှာ KIA၊ CDF (တွန်းဇံ)နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ CDF (တွန်းဇံ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇိုမူးမုန်က ပြောပါတယ်။
ခါမ်းပါတ်မြို့က တပ်စခန်းသုံးခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းအထိလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဇိုမူးမုန်က ပြောပါတယ်။
“ခါမ်းပါတ် ရဲစခန်း၊ ဝိတုတ်တပ်စခန်းနဲ့ ရာဇဂြိုဟ်ဆည် တပ်စခန်းတွေကို တစ်ပြိုင်တည်း တိုက်နေတာပါ။ ခါမ်းပါတ်ရဲစခန်းနဲ့ ဝိတုတ်တပ်စခန်း နှစ်ခုတော့ သိမ်းနိုင်ပြီ။ အလံတောင် ထူထားနိုင်ပြီ။ ရာဇဂြိုဟ်က စကစ တပ်စခန်းကို ဆက်သိမ်းနိုင်ဖို့ တိုက်နေတုန်းပါ”
လက်ရှိမှာ ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် ရှစ်ဦးဒဏ်ရာခဲ့ပြီး စစ်ကောင်စီ တပ်ဘက်ကလည်း သေဆုံးထိခိုက်မှုတွေ ရှိနိုင်တယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်က ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးနေရတဲ့ လူဦးရေ အရေအတွက်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။
လက်ရှိမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရသလို စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။