ဘုတလင်မှာ စစ်ကြောင်းထိုး မီးရှို့နေလို့ နေအိမ်ရာချီ မီးလောင်ဆုံးရှုံး

ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းမီးရှို့နေလို့ နေအိမ်နှစ်ရာခန့် မီးလောင်ပျက်စီးသွားပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းမီးရှို့နေလို့ နေအိမ်နှစ်ရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တက်လှိုင်းရွာကို မီးရှိုးပြီးထွက်လာတဲ့ စစ်ကြောင်းဟာ ဒီနေ့မနက်မှာ စီပါရွာကို ထပ်မံမီးရှို့နေတာလို့ ဘုတလင် ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

“တက်လှိုင်းရွာကို မနေ့ကမီးရှို့ပြီးမှ စီပါရွာကို ထွက်လာတာ ဒီနေ့ကျတော့ စီပါကို မီးရှို့တယ်။ သုံးနေရာခွဲပြီးရှို့တာ။ စစ်ကြောင်းက ရွာထဲမှာရှိနေတော့ အတိအကျတော့ မသိရသေးဘူး။ အိမ်နှစ်ရာလောက်ပါသွားပြီလို ခန့်မှန်းရတယ်။ ရွာက ရွာကြီး။ အိမ်ခြေ ခုနစ်ရာလောက်ရှိတယ်”

စစ်ကောင်စီတပ်ဟာ ဘုတင်မြို့နယ်ထဲကို မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကြောင်းထိုးချိန် ဒေသခံ ပြည်သူအများအပြားကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက လူလေးဆယ်ခန့်က ဒီနေ့အထိ စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်ခံထားရတယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့ပေါ်နဲ့ ရွာတွေစီးနင်ခံချိန် ဆယ်ရက်ကျော်အတွင်းမှာ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၇ ဦးအထိ သတ်ဖြတ်ခံထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် စီပါရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံရတဲ့အထိ အထိနာခဲ့တာကြောင့် တစ်ကျော့ပြန် စစ်ကြောင်းထိုးပြီး အရပ်သားတွေကို သတ်ဖြတ်တာနဲ့ ရွာကိုမီးရှို့တာတွေ လုပ်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ရွာဆယ်ရွာခန့်က ဒေသခံ သုံးသောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org