ဘုတလင်မှာ အရပ်သားတွေသတ်ဖြတ်ခံရမှုအပေါ် တရားမျှတမှုဖော်ဆောင်ပေးဖို့ NUG တောင်းဆို
2024.10.22

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က အရပ်သားပြည်သူတွေ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း စစ်ကောင်စီအနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်း ကျေးရွာတွေက ရပ်ကွက် ၁၇ ခုကို ဝင်ရောက်စီးနင်းတာ၊ မီးရှို့သတ်ဖြတ်တာတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း ဒေသခံအရပ်သား ၂၄ ယောက်ထက်မနည်း ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်သုံးယောက်၊ အမျိုးသမီးသုံးယောက်နဲ့ သက်ကြီးရွယ်အိုတစ်ယောက် ပါတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ကလည်း စီပါကျေးရွာမှာ ဒေသခံအရပ်သား ခြောက်ယောက်ကို ခန္ဓာကိုယ်တွေကို ရက်ရက်စက်စက် အပိုင်းပိုင်းဖြတ် သတ်ဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့တဲ့အပြင် အရပ်သားခြောက်ဆယ်လောက်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းတစ်လျှောက် ခေါ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လက်စားချေတဲ့အနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်ပြီး ဒီလုပ်ရပ်တွေကို စစ်ရေးနည်းဗျူဟာတစ်ရပ်အဖြစ် ကျူးလွန်တာ ပေါ်လွင်ထင်ရှားတယ်လို့လည်း NUG က ဆိုပါတယ်။။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပြုနေဦးမယ်ဆိုရင် ပိုအတင့်ရဲလာမှာ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့အကြမ်းဖက်ကျူးလွန်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ရေး ကြိုးပမ်းပေးဖို့ တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီကတော့ အောက်တိုဘာ ၁၈ ရက်နေ့က ဘုတလင်မြို့နယ်၊ စီပါရွာမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ ခြောက်ဦးနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေ ကျူးလွန်တာမဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။