ဘုတလင်မြို့နယ် NLD ပါတီရုံး ဖျက်ဆီးခံရ

ဘုတလင်မြို့၊ NLD ပါတီရုံးကို စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းတွေ လာရောက်ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် NLD ပါတီရုံးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ Budalin Township Info Committee NLD

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးကို မေလ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းတွေ လာရောက်ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့မရဲစခန်းက အင်အား ၂၀ ကျော် ကားသုံးစီးနဲ့ လာရောက်ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ပါတီရုံးကိုဖျက်ဝင်ပြီး ရှိတာအကုန်ရိုက်ချိုးသွားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA က ပြောပါတယ်။

"ရှိတဲ့ဟာတွေအကုန်လုံး ရိုက်ချိုးသွားတာ။ တံခါးဖွင့်၊ သော့တွေဘာတွေအကုန်လုံး ဖျက်ဆီး အဲလိုလုပ်တာပါ။ ခါတိုင်းလိုပါပဲ"

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုတလင် NLD ပါတီရုံးကို အခုလိုဝင်ရောက် ဖျက်ဆီးတာ တစ်ကြိမ်မကတော့ဘူးလို့လည်း ဆိုပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဘုတလင်မြို့နယ် တောင်ဘက်မှာရှိတဲ့ စစ်ကြောင်းတစ်ကြောင်း အဲဒီနေ့က မိုင်းဆွဲခံရတာကြောင့် NLD ပါတီရုံးကို မဲတာဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။

ဘုတလင်မြို့နယ် NLD ပါတီရုံး ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနရဲ့ မှတ်တမ်းတွေ အရ အာဏာသိမ်းနှစ်နှစ်တာအတွင်း NLD ပါတီရုံးတွေ ကျူးကျော်ဝင်ရောက်ခံရတာ၊ ဖျက်ဆီးခံရတာနဲ့ ပါတီပိုင်ပစ္စည်းယူဆောင်ခံရတာ အကြိမ်ပေါင်း (၁၂၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org