ဘုတလင်မှာ အရပ်သားတွေ ထပ်မံ သတ်ဖြတ်ခံနေရ

ဘုတလင်မြို့နယ်ထဲမှာ အရပ်သားတွေ ထပ်မံသတ်ဖြတ်ခံနေရပြီး သပြေပင်ရွာထိပ်မှာ သတ်ဖြတ်ခံရတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို ထပ်မံ တွေ့ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ အရပ်သားတွေ ထပ်မံ သတ်ဖြတ်ခံနေရပြီး နိုဝင်ဘာလ ၉ ရက် ဒီနေ့မှာလည်း သပြေပင်ရွာထိပ်မှာ သတ်ဖြတ်ခံရတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို ထပ်မံ တွေ့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘုတလင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ရှိတဲ့ တပ်မ ၃၃ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာ ၇ ရက်နေ့မှာ သပြေပင်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသား တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ရုပ်အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြောင့် သေဆုံးသူရဲ့ အသေးစိတ် အချက်အလက်ကို မသိရသေးဘူးလို့ မီးသင်္ဂြိုဟ်ပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရှင်းလင်းရေး ထပ်လုပ်တဲ့ အခြေအနေမှာ ကျွန်တော်တို့ ရုပ်အလောင်းကို ထပ်မံတွေ့ခဲ့ရတယ်။ ရုပ်အလောင်းက တော်တော်ပုပ်ပွနေပြီ။ အနားတောင် ကပ်လို့မရတော့ဘူး။ အနားကို ကပ်လို့မရပေမဲ့လို့ ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်ပြီးတော့ အကောင်းဆုံး သင်္ဂြိုလ်ပေးခဲ့တယ်ပေါ့။ သူ့ရဲ့ အနေအထားကတော့ လက်ပြန်ကြိုးတုပ်ပြီး နားထင်ကို သေနတ်နဲ့ ပစ်သတ်ထားတဲ့ပုံပဲ”

ဒီ့အပြင် စစ်ကောင်စီစစ်ကြောင်းက သားဖန်းရွာအနီးရွာမှာ နှစ်ညအိပ်တပ်စွဲခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့မှာ နေအိမ် သုံးဆယ်ကျော် မီးရှို့ခဲ့သလို အသက် ခုနစ်ဆယ်အရွယ် ဦးစန်းလွင် ဆိုသူကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ သမန်းတောရွာကနေ ဘုတလင်မြို့ဘက်ကို ပြန်ဝင်သွားပေမဲ့ ဒေသခံ နှစ်သောင်းခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသိရသေးတဲ့အကြောင်း RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အရပ်သား ၂၅ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org