မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု စစ်ဆေးတော့မည်
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်ပြီး ITLOS ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာ ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ အဆုံးအဖြတ် ခံယူဖို့ တင်သွင်းခဲ့ရာမှာ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ အမှုကို စတင် စစ်ဆေးတော့မယ်လို့ သိရပါတယ်။
-
2011-08-27 -
-
-
ရုံးတော်တည်ရှိရာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ် ယာယီ တရားသူကြီးအဖြစ် ဆောင်ရွက်မယ့် ပါမောက္ခ Bernard Oxman နဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် ယာယီ တရားသူကြီးအဖြစ် ဆောင်ရွက်မယ့် Dr. Thomas Mensah တို့ ကျမ်းသစ္စာ ကျိန်ဆိုကြမယ်လို့ သိရပါတယ်။
လက်ရှိ ခုံရုံး တရားသူကြီး ၂၁ ဦးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ မပါဝင်တာကြောင့် ပြဋ္ဌာန်းချက် ပုဒ်မ (၁၇) အရ နိုင်ငံအသီးသီးက တရားသူကြီး တဦးစီ အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။
ပင်လယ်ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်တင်ဘာလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ လျှောက်လဲချက်ပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ စက်တင်ဘာလ ၁၅ ရက်ကနေ ၂ဝ ရက်နေ့အထိလျှောက်လဲမှာ ဖြစ်ပါတယ်။
ဒီအမှုကို နှစ်နိုင်ငံစလုံးက ITLOS ရုံးတော်ကို ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က တင်သွင်းခဲ့တာဖြစ်ပြီး ရုံးတော်ရဲ့ စီရင်ချက်ဟာ အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်ပြီး နှစ်နိုင်ငံစလုံးက လိုက်နာဖို့ တာဝန်ရှိတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုတဲ့ တရားသူကြီး Dr. Mensah ဟာ ITLOS ခုံရုံး ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး Yale တက္ကသိုလ်က ဥပဒေပါရဂူဘွဲ့ ရရှိသူ ဂါနာနိုင်ငံသား ဖြစ်ပါတယ်။ ပင်လယ်နဲ့ ရေကြောင်းဥပဒေ ဆိုင်ရာ ဂုဏ်ပြုခံ ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံထားရသူပါ။ မြန်မာနိုင်ငံက အဆိုပြုတဲ့ ပါမောက္ခ Oxman ဟာလည်း ပင်လယ်သမုဒ္ဒရာ ဥပဒေ ကျွမ်းကျင်သူတဦး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ရှိ မိုင်ယာမီတက္ကသိုလ်က ပါမောက္ခတဦး ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမှုအတွက် အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်က ပါမောက္ခတွေ၊ အမေရိကန် ထိပ်တန်း ရှေ့နေတွေ အပါအဝင် အကျိုးဆောင် ၄ ဦး ငှားရမ်းထားပေမယ့် မြန်မာနိုင်ငံဘက်ကတော့ အတည်မပြုရသေးတဲ့ သတင်းအရ ဗြိတိန်နိုင်ငံ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် အဖွဲ့ဝင်ဟောင်း Sir Michael Wood လိုက်ပါ ဆောင်ရွက်မယ်လို့ သိရပါတယ်။