နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ပေါ်တူဂီ အစိုးရထောက်ခံဖို့တိုက်တွန်း
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ဆက်လက် ရှိနေသေးတာကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့စည်းရေး ကိစ္စ နဲ့ ပတ်သက်ပြီး ပေါ်တူဂီ နိုင်ငံက ထောက်ခံဖို့ မြန်မာ့အရေး လှုပ်ရှား နေသူတွေက တိုက်တွန်း လိုက်ပါတယ်။
-
2011-09-16 -
-
-
ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK)
Photo Courtesy of Burma Campaign (UK)
ဗုဒ္ဓဟူးနေ့က ပေါ်တူဂီ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံရာမှာ မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ ပေါ်တူဂီ နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင် ပါဝင်သူတဦး ဖြစ်တဲ့ Burma Campaign UK ရဲ့ ပြောခွင့်ရှိသူ မဇိုရာဖန်းက အာအက်ဖ်အေကို ပြောပါတယ်။
“အဓိကကတော့ EU ထဲမှာ ကြည့်ရမယ်ဆိုရင် နိုင်ငံ ၂၇ နိုင်ငံစလုံး သဘောတူမှပဲ မြန်မာပြည် နိုင်ငံခြားရေး ပေါ်လစီကို လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ်တူဂီ အစိုးရဟာ EU ထဲမှာ သိပ်အရေးကြီးပါတယ်။ သူတို့ရဲ့ သြဇာက တော်တော် ကြီးမား ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေး ပေါ်လစီက စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပါတယ်”
ပေါ်တူဂီ နိုင်ငံခြားရေး ဌာနနဲ့ တွေ့ဆုံပွဲမှာ မြန်မာ့ရန်ပုံငွေအဖွဲ့က ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာ သောင်းထွန်းနဲ့ ပေါ်တူဂီ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေလည်း ပါဝင် ဆွေးနွေး ပြောဆို ခဲ့ကြပါတယ်။
မကြာခင်မှာ ကျင်းပတော့မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ဆုံးဖြတ်ချက် ချနိုင်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံတွေကို မြန်မာ့အရေး လှုပ်ရှားသူတွေက လှည့်လည် စည်းရုံး တိုက်တွန်း နေပါတယ်။
အခု ပေါ်တူဂီနိုင်ငံ မတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဘယ်လ်ဂျီယံ နိုင်ငံမှာ မြန်မာ့အရေးဆိုင်ရာ ဥရောပ သမဂ္ဂရဲ့မူဝါဒနဲ့ ပတ်သက်လို့ ဆွေးနွေး ဟောပြောပွဲတွေ ပြုလုပ် ခဲ့ပါတယ်။