စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေး ၃၃ ခု ကို သပိတ်မှောက်ဖို့ Burma Campaign UK တိုက်တွန်း

2022.02.15
စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေး ၃၃ ခု ကို သပိတ်မှောက်ဖို့ Burma Campaign UK တိုက်တွန်း ၂ဝ၂၁ ခုနှစ် ဧပြီလက ရန်ကုန်မြို့တွင် ပြုလုပ်သော အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုကို တွေ့ရစဉ်။
Photo: Citizen Journalist

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းအပါအဝင် စစ်တပ်နဲ့ ဆက်စပ်ပြီး ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးတာတွေ မလုပ်ဘဲ သပိတ်မှောက်ကြဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က မနေ့က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Burma Campaign UK အဖွဲ့ဟာ ၂ဝ၂ဝ ခုနှစ်ကတည်းက စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့ စာရင်းပြုစုပြီး နိုင်ငံတကာကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မနေ့ကတော့ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်း ၃၃ ခုရဲ့စာရင်းကို ထပ်တိုးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီအထဲက စားသောက်ကုန်လုပ်ငန်းတွေထဲမှာ ဒဂုံ စပါကလင်နဲ့ ရမ်လုပ်ငန်း၊ ရွှေဖီဦး လီမွန်တီး၊ နန်းမြိုင်ကော်ဖီ စတာတွေ ပါဝင်ပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးမှာ Lann Pyi Marine ကုမ္ပဏီက လုပ်ငန်းတွေ၊ အဝတ်အထည်မှာ Smart Fashion နဲ့ အဝတ်အထည် လုပ်ငန်းတွေ၊ ကျန်းမာရေးနဲ့ အလှကုန်ပစ္စည်းတွေမှာ ဒဂုံ Hand Sanitizer လက်သန့်စင်ဆေး၊ ဆောက်လုပ်ရေး လုပ်ငန်းမှာ Myanmar Land and Development limited ပို့ဆောင်ရေးမှာ ရွှေမန်းသူ၊ မြဝတီ၊ ကုန်ထုတ်လုပ်ရေးမှာ Need Me အောက်ဆီဂျင်၊ ဖျော်ဖြေရေးမှာ မြဝတီ စတဲ့ လုပ်ငန်းစုစုပေါင်း ၃၃ခု ကို အသစ်တိုးပြီး ဖော်ပြထားပါတယ်။

လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေး လိုလားသူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်ဟာ ပြည်သူတွေဆီက ရတဲ့ အခွန်ငွေတွေတင်မကဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကရော၊ စစ်တပ်နဲ့ ဆက်စပ်ပြီး လုပ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကပါ ဝင်ငွေတွေ ရနေတာကြောင့် ဒီလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ Burma Campaign UK အဖွဲ့က တိုက်တွန်းနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။