ကလေးစစ်သားပြဿနာ ဖြေရှင်းရေး ကုလ အတွင်းရေးမှူးချုပ် အကြံပြု
မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတဲ့ ကလေး စစ်သား ပြဿနာ ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ စနစ်ကျတဲ့ အမျိုးသားစီမံကိန်း တရပ်လိုအပ် ကြောင်း မေလ ၁၁ ရက် မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက ထောက်ပြအကြံ ပေးလိုက်ပါတယ်။
-
2011-05-12 -
-
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ၂၀၁၁ ပြည့်နှစ်အတွက် လက်နက်ကိုင် ပဋိပက္ခများ အကြားက ကလေးသူငယ်များ အရေးဆိုင်ရာ အစီရင်ခံစာမှာ အခုလို ရေးသား ဖော်ပြလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံက ကလေးစစ်သား ပြဿနာမှာ အပြုသဘော တိုးတက်မှုတွေ ရှိပေမဲ့ အစိုးရအနေနဲ့ ကလေးတွေကို တပ်မတော်ကြည်းတပ်က စစ်သားအဖြစ် စုဆောင်းထားတာကို စနစ်တကျ ရှာဖွေ ဖော်ထုတ်ပြီး ရှာဖွေတွေ့ရှိတာနဲ့ တမှုချင်း တာဝန်က ကင်းလွတ်ခွင့်ပေးတဲ့ စီမံကိန်းမျိုး ရေးဆွဲ ပြဌာန်းဆောင်ရွက်ဖို့ လိုနေသေးကြောင်း ထောက်ပြထားပါတယ်။
မြန်မာအစိုးရ နိုင်ငံခြားရေးဌာန တရားဝင်စာရင်းအရ ၂၀၁၀ ပြည့်နှစ်အတွင်း ကလေးစစ်သား အဖြစ်ကနေ တပ်က မိသားစုထံ ပြန်ပို့ပေးခဲ့တဲ့ ကလေးသူငယ် အရေအတွက်ဟာ ၁၁၀ ရှိပြီး ဒီအထဲက ၄၀ ဟာ ILO ကတဆင့် တိုင်ကြားလို့ အရေးယူခဲ့တဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ILO ရဲ့ အတွေ့အကြုံအရ မြန်မာစစ်တပ်ရဲ့ တပ်သား စုဆောင်းရေးဌာန ၄ ခုထဲက ရန်ကုန်တိုင်း ဒညင်းကုန်း တပ်သားစုဆောင်းရေး အမှတ် ၁ တပ်ဟာ ကလေးသူငယ် ပါလာရင် ကနဦးကတည်းက လက်မခံပဲ ငြင်းပယ်တာတွေ့ရတယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။
ကလေးစစ်သား စုဆောင်းမှုကို မြန်မာစစ်တပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ဖြစ်တဲ့ DKBA ၊ KNU/KNLA ၊ KIA ၊ KNPP-KA ၊ KPF ၊ SSA-South ၊ UWSA ၊ CNF/CNA စတဲ့ တပ်တွေမှာလည်း ကလေး တပ်သားတွေ ရှိနေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်း အထောက်ထားတွေအရ သိရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိုင်းရင်းသားဒေသတွေမှာ ကလေး သူငယ်တွေ ဓားစာခံဖြစ်ပြီး သေဆုံးရတာတွေ ရှိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။