မလေးရှားမှာ မြန်မာတစ်ရာနီးပါး ထပ်မံဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆန်တိုဒေသမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာ ၉၅ ဦးကို မေ ၂၈ ရက် မနက်က မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆန်တိုဒေသတွင် တရားမဝင်နေထိုင်သည့် မြန်မာအလုပ်သမားများအား ၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့က မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့စဉ်။ Facebook/Jabatan Imigresen Malaysia

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆင်ခြေဖုံးရပ်ကွက်ဖြစ်တဲ့ ဆန်တိုဒေသမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာ ၉၅ ဦးကို မေလ ၂၈ ရက် ဒီနေ့မနက်က မလေးရှား အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

မလေးရှားမှာ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေပြီး မြန်မာတွေလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတာလို့ မလေးရှားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ NLD-LA (မလေးရှား) ရဲ့ ရုံးအဖွဲ့မှူး ကို စိုးထက်သိမ်းက ပြောပါတယ်။

“ဒီနေ့မနက် ၁ နာရီလောက်မှာ ဆန်တို ဧရိယာမှာဖမ်းတာ အားလုံးနိုင်ငံခြားသား ၁၂၃ ယောက်။ အဲထဲမှာ မြန်မာ ၉၅ ယောက်ပါတယ်။ ဒီရပ်ကွက်က ဆင်ခြေဖုံးရပ်ကွက်ပေါ့။ မြန်မာတွေ ပျံကျနေထိုင်တဲ့နေရာပေါ့”

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဆန်တိုဒေသက တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၁၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး မြန်မာ ၉၅ ဦး၊ အိန္ဒိယ ၂၁ ဦးနဲ့ အင်ဒိုနီးရှား ခုနစ်ဦးပါဝင်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မေလ ၂၃ ရက်နေ့ကတော့ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့ ပရင့်တူးရပ်ကွက်က စက်ရုံတစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစဥ် မြန်မာအလုပ်သမား နှစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

အခုလို ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံကနေ အခြေအနေမျိုးမျိုးကြောင့် မလေးရှားကို ရောက်လာသူတွေ အခက်အခဲမျိုးစုံကြုံနေရတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၈ ရက်နေ့အထိ မလေးရှားနိုင်ငံ ဂျိုဟိုး၊ နဂရီဆမ်ဘီလန်၊ ဆလန်ဂေါ၊ ဘူးကစ်ဘင်တန်း ပြည်နယ်တွေနဲ့ မလေးရှားနိုင်ငံ တစ်ဝန်းမှာ မြန်မာနိုင်ငံသား တစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org