နိုင်ငံတကာရောက်မြန်မာတွေ NUG ငွေတိုက်စာချုပ် ဘယ်လောက်ဝယ်ကြသလဲ

NUG အမျိုးသားညီညွတ်ရေးအစိုးရ ရန်ပုံငွေအတွက် မြန်မာတွေက ကမ္ဘာ့နိုင်ငံအများအပြားမှာ ငွေတိုက်စာချုပ်တွေ ရောင်းချပေးနေပါတယ်။ သြစတြေးလျနိုင်ငံရှိ NUG ကိုယ်စားလှယ် ဦးထွန်းအောင်ရွှေက နိုင်ငံအတွင်းရှိ မြိုကြီးတွေကို သူတို့လှည့်လည်ရောင်းချပေးနေရာမှာ အခုအချိန်အထိ သြစတြေးလျ ဒေါ်လာ ၅ သိန်းကျော်ရရှိခဲ့ပြီလို့ RFA ကိုပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တစ်နေရာတွင် NUG ငွေတိုက်စာချုပ်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများ။ Photo: Citizen Journalist

NUG အမျိုးသားညီညွတ်ရေးအစိုးရ ရန်ပုံငွေအတွက် မြန်မာတွေက ကမ္ဘာ့နိုင်ငံအများအပြားမှာ ငွေတိုက်စာချုပ်တွေ ရောင်းချပေးနေပါတယ်။ သြစတြေးလျနိုင်ငံရှိ NUG ကိုယ်စားလှယ် ဦးထွန်းအောင်ရွှေက နိုင်ငံအတွင်းရှိ မြိုကြီးတွေကို သူတို့လှည့်လည်ရောင်းချပေးနေရာမှာ အခုအချိန်အထိ သြစတြေးလျ ဒေါ်လာ ၅ သိန်းကျော်ရရှိခဲ့ပြီလို့ RFA ကိုပြောပါတယ်။

“ကျွန်တော့်ရုံးက NUG ကိုယ်စားလှယ်ရုံးအနေနဲ့ မှတ်ပုံတင်ထားတယ်။ ရုံးအနေနဲ့ သြစတြေးလျ နိုင်ငံအနှံ့ ဝိုင်းရောင်းပေးနေတာ ဒီနေ့ကတော့ မဲလ်ဘုန်းမှာ သွားရောင်းတယ်။ သြစတြေးလျ ဒေါ်လာ ၃ သောင်းခွဲစွန်းစွန်းရောင်းရတယ်။ မနက်ဖြန်ဆို ဆစ်ဒနီမှာ ရောင်းပွဲလေး တစ်ခုလုပ်ပါ့မယ်။ တချို့တွေက အွန်လိုင်းမှာ မဝယ်တတ်ဘူး။ ပုံစံတွေဆိုလည်း မဖြည့်တတ်ဘူး။ မြေပြင်ဆင်းဆင်းရောင်းပေးရတယ် အဲ့လိုဟာမျိုးဆိုရင် အခက်အခဲရှိတဲ့သူတွေက လာကြတယ်။ NUG ကို ဧပြီလအတွင်းမှာ သုံးကြိမ်တောင်။ သြစတြေးလျ ဒေါ်လာ ၅ သောင်းခွဲ ပို့ပေးထားတယ်။ သြစတြေးလျမှာ ရှိတဲ့ ဘဏ်စာရင်းကို ပို့ပေးရတယ်။ အခုအချိန်ထိ စုစုပေါင်း ရောင်းရငွေ ဒေါ်လာ ၅ သိန်းကျော်ပြီ။”

တောင်ကိုရီးယားနိုင်ငံမှာလည်း ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၉ သိန်းကျော် ရောင်းချပြီးပြီလို့ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ကပြောပါတယ်။

“ကျွန်တော်တို့ ကိုယ်စားလှယ်ရုံးကနေပြီး ငွေတိုက်စာချုပ်တွေကို ရောင်းချပေးခဲ့ပါတယ်။ ရောင်းချပေးမှုစုစုပေါင်းအားလုံးကတော့ အမေရိကန်ဒေါ်လာ ၉ သိန်းကျော်ရရှိနေပါတယ်။ NUG အစိုးရထံကို ပေးပြီးသွားပါပြီ။ ငွေတိုက်စာချုပ်တွေပါမက နွေဦးထီပါ ရောင်းချဖို့ အစီအစဉ်ဆွဲထားပါတယ်။”

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြီးခဲ့တဲ့ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ တော်လှန်သင်္ကြန်မှာတော့ ပွဲလာမြန်မာ ပရိသတ်က ဂျပန်ယန်းငွေ သိန်း ၂ဝဝဝ ခန့် ငွေတိုက်စာချုပ်တွေကို ဝယ်ယူခဲ့ကြတယ်လို့ တိုကျိုမြို့က မြန်မာ့အရေးလှုပ်ရှားသူ ကိုထွန်းဝေ က ပြောပါတယ်။

“ပွဲပြီးတဲ့အထိ တောက်လျောက်ဝင်လာတော့ စာရင်းက ချုပ်မရဘူး။ အတိအကျတော့ ဂျပန်ယန်း သိန်း ၂ ထောင်ကျော်ရတယ်။”

အမေရိကန်ပြည်ထောင်စုမှာ ငွေတိုက်စာချုပ်အများအပြားရောင်းချပေးနေတာကတော့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ LA NUG Supporters ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် ဒေါ်နန္ဒာမင်းဆွေက သူတို့ အမေရိကန်ဒေါ်လာ ၁ သန်း ၃ သိန်းကျော်ဖိုး ရောင်းချခဲ့ပြီးပြီလို့ ဆိုပါတယ်။

“ကျွန်မတို့ LA NUG supporters အဖွဲ့အနေနဲ့ LA အပြင် အမေရိကန် နိုင်ငံ နေရာ အနှံ့အပြားကနေပြီးတော့ ဘွန်းဝယ်သူတိုင်းကို ရောင်းပေးနေတာ။ ဇန်နဝါရီ လဆန်းကနေ ဧပြီ လ လယ်အထိ အမေရိကန်ဒေါ်လာ ၁ သန်း ၃ သိန်းကျော်ဖိုး ရောင်းချပေးပြီးပါပြီ။ ဘွန်းရောင်းပြီးတိုင်း တစ်ပတ်အတွင်းမှာ NUG က ညွှန်ကြားတဲ့ ဘဏ်အကောင့်ကို လွှဲပေးတယ်။ မတ်လ လယ်ကနေ လကုန်လောက်မှာ နည်းနည်းနှေးတယ်။ လူတွေလည်း အကုန်ဝယ်ပြီးသလောက် သဘောရှိတယ်။ ဒီလမှာ ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးနဲ့ ပန်းချီကားလေး ပါတဲ့ ပို့စ်စကတ်ပေးမယ့် အခါကျတော့ ရောင်းအားပြန်တက်လာတယ်။ ပွဲလုပ်ပြီးရောင်းတဲ့အပြင် ကြားထဲမှာ တစ်ဦးတစ်ယောက်ချင်း ကြားပေါက်တွေလည်း ဆက်ရောင်းပေးနေပါတယ်။”

သူတို့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုရှိ တခြားပြည်နယ်တွေမှာလည်း ကိုယ်စားလှယ်ရုံးခွဲတွေ ဖွင့်ပြီး ရောင်းချပေးနေတယ်လို့ ဒေါ်နန္ဒာမင်းဆွေက ပြောပါတယ်။

“NUG က နိုင်ငံခြားဘဏ်ကို လွှဲခိုင်းတာ အဲဒါကြောင့် ဘွန်းအေးဂျင့်ယူဖို့ ဝန်လေးတယ်။ ကျွန်မတို့တွေက တာဝန်ခံပြီးလွှဲပေးပါ့မယ် ပြောတဲ့ အခါကျတော့ တချို့ပြည်နယ်တွေကဆိုရင် ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်အဖြစ်ထပ်လုပ်ပြီး ရောင်းပွဲ လုပ်ပေးကြပါတယ်။ မစ်ချီဂန် မှာဆိုရင် စနေနေ့မှာ ၄ ကြိမ်မြောက် ရောင်းပွဲ လုပ်ပေးပါ့မယ်။ သူတို့တွေက ပိုက်ဆံစုပေးတယ်။ အချက်အလက်တွေစုပေးတယ်။ သူတို့ရောင်းပေးတာ ဒေါ်လာ တစ်သိန်းခွဲလောက်ရှိတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရအတွက် သြစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် က မြန်မာတွေရဲ့ ရန်ပုံငွေရှာဖွေမှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးရ သတင်းတချို့ကို စုဆောင်းတင်ပြခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org