NUG တစ်နှစ်ပြည့် အမေရိကန်ရောက် မြန်မာတွေ ထောက်ခံဆန္ဒပြ
အမေရိကန် အစိုးရ အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ ဝါရှင်တန်ဒီစီကို ရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့လည်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်။
- 2022-04-16
-
-
-
ဧပြီလ ၁၆ ရက် ဒီနေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေလည်း ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီနေ့ စုရုံးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ပြည်နယ်အသီးသီးက မြန်မာတွေဟာ အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့ကနေ မြို့ရဲ့ လူစည်ကားရာ လမ်းမတွေကို ဖြတ်ပြီး လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရအကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ ဝါရှင်တန်ဒီစီကို ရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦးတို့လည်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံပေး Mr. Chollet လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Lisa Peterson၊ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Edgard Kagan စတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ စစ်တပ်ဟာ ရိုဟင်ဂျာလူမျိုးတွေကို Genocide လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့လမှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကိုလည်း ဆန္ဒပြသူတွေက ထောက်ခံခဲ့ကြပါတယ်။
ဒီလိုကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူဖို့လိုတယ်လို့ ဝါရှင်တန်ဒီစီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ တစ်ဦးက ပြောပါတယ်။
မြန်မာစစ်တပ်ကို ပစ်မှတ်ထား အရေးယူမယ့် Burma Act ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော် အမတ်တွေ ထောက်ခံဖို့ကိုလည်း ဆန္ဒပြသူတွေက တိုက်တွန်းခဲ့ကြပါတယ်။
ဒီ Burma Act ဥပဒေကို အောက်လွှတ်တော်မှာ အတည်ပြုထားပြီဖြစ်ပြီး၊ အထက်လွှတ်တော်က အတည်ပြု၊ သမ္မတ လက်မှတ်ထိုးပြီးရင် ဥပဒေတစ်ရပ်ဖြစ်လာဖို့ ရှိပါတယ်။
ဒီဥပဒေအတည်ဖြစ်လာရင် လူသားချင်းစာနာမှုအဖြစ် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း ၄၇ဝ ကျော် အကူအညီပေးမှာဖြစ်သလို စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေ၊ ပြည်သူလူထုတွေကို သတ်ဖြတ်ခဲ့သူတွေလည်း ပိတ်ဆို့ အရေးယူခံရမှာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒီထက်ပို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့၊ အာဏာသိမ်းမှုအောက် ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
-Unicode