သပိတ်ကျင်းမှာ ဒေသခံလေးဦး သတ်ဖြတ်မီးရှို့ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မကျီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က အင်အားနှစ်ရာနီးပါးနဲ့ ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး အသက် ၄၀ အရွယ် ကိုမင်းမောင် အပါအဝင် အမျိုးသား လေးဦးကို ဖမ်းဆီး သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တွေ့ရစဉ်။ Burma News International

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မကျီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က အင်အား နှစ်ရာနီးပါးနဲ့ ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး အသက် ၄၀ အရွယ် ကိုမင်းမောင် အပါအဝင် အမျိုးသား လေးဦးကို ဖမ်းဆီး သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကျန်သတ်ဖြတ်ခံရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ကိုမင်းမောင်ရဲ့ ဇနီးနဲ့ အသက် ၁၆ နှစ်အရွယ် သားတစ်ဦး၊ အသက် ၁၀ အရွယ် သမီးတစ်ဦး တို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လေးယောက်ကတော့ အဲဒီမှာ ညက အရှင်လတ်လတ် မီးရှို့သတ်ခံရတယ်။ အသတ် ခံရတဲ့သူတစ်ယောက်ရဲ့ မိန်းမနဲ့ ကလေးနှစ်ယောက်ကတော့ ဓားစာခံအနေနဲ့ အဖမ်းခံရတယ်"

ကိုမင်းမောင်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းမှာတော့ နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မကျီးကုန်းရွာကနေ ပြန်လည်ထွက်ခွာသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကတော့ ဒီဖြစ်ရပ်ကို သူမသိသေးဘူးလို့ ဇန်နဝါရီလ ၂၅ ရက်မှာ RFA ကို ပြောပါတယ်။

မကျီးကုန်းရွာမှာ အိမ်ခြေ သုံးရာဝန်းကျင်ရှိပြီး လူဦးရေ ၁၅၀၀ ကျော်နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org