ထီးလင်းမြို့နယ် အကြည်ဘန်းရွာခံနှစ်ဦး အသတ်ခံရပြီး ရွာလုံးကျွတ်နီးပါးမီးရှို့ခံရ

ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ပြီး ရွာခံနှစ်ဦးအသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာကို တွေ့ရစဉ်။ People's Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာကို မေလ ၆ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ စစ်ကြောင်းဝင်လာပြီး မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့ပြီး ရွာခံနှစ်ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျောက်ထုမြို့ဘက်ကလာတဲ့ အင်အား ၈၀ ခန့်ပါစစ်ကြောင်းနဲ့ ထီးလင်းဘက်ကလာတဲ့ အင်အား ၁၇၀ ခန့်ပါ စစ်ကြောင်းနှစ်ခုပေါင်းပြီး ရွာထဲကိုစစ်ကြောင်းထိုး ဝင်ရောက် မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေနှစ်ရာခန့်ရှိတဲ့ အကြည်ဘန်းရွာမှာ လက်ရှိ ၃၀ ဝန်းကျင်သာကျန်တော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လက်ရှိအခြေအနေမှာ ကျေးရွာထဲမှာတော့ ဘုန်းကြီးကျောင်းအပါအဝင် အိမ်က ၃၀ ကျော်ပဲကျန်တယ်။ အသတ်ခံရတဲ့လူက နှစ်ယောက်လို့ကြားတယ်ဗျ"

ဒေသခံတွေကတော့ အနီးပတ်ဝန်းကျင်ရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် အသတ်ခံရသူတွေရဲ့ အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီရွာဟာ ထီးလင်းကနေ ဆောနဲ့ ပခုက္ကူမြို့တွေကို သွားတဲ့လမ်းမှာရှိပြီး စစ်ကောင်စီတပ်က ရိက္ခာသယ်ယူဖို့သွားရင်း ရွာထဲကိုစစ်ကြောင်းထိုး မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့ရဲ့တပ်သားတွေဟာ ဒေသခံတွေရဲ့နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ အရင်က RFA မေးမြန်းချိန် ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ မတ်လ ၁၉ ရက် ထုတ်ပြန်တဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မကွေးတိုင်းမှာ နေအိမ်ပေါင်း ၉၀၁၉ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org