မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့က ဒိန်ဂါရွာ ရွာလုံးကျွတ် မီးရှို့ခံရ

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်က အိမ်ခြေနှစ်ဆယ်ကျော်ရှိတဲ့ ဒိန်ဂါရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၅ ရက်မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့ လုံဂျွန်ယန်ရွာ မီးရှို့ဖျက်ဆီးခံထားရသည်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်က အိမ်ခြေနှစ်ဆယ် ကျော်ရှိတဲ့ ဒိန်ဂါရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၈၈) လက်အောက်ခံတပ်ရင်းဟာ ဒိန်ဂါရွာကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အောင်ဂျာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်း ရွာမှာ ညအိပ်နားကြတယ်။ နောက်နေ့ မနက်တော့ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးသွားတာပဲ။ ရွာမှာက ဒေသခံတွေက နေ့ဘက်လောက်ပဲ ပြန်လာကြတာ။ ညဘက်ကို ဒေါ့ဖုန်းယန်မှာ သွားအိပ်ကြတာပေါ့”

အခုနှစ် ဇူလိုင်လဆန်းပိုင်းကစလို့ လိုင်ဇာအနီးမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် စစ်ကြောင်းထိုးတာပါ မကြာခဏရှိနေတာကြောင့် ဒိန်ဂါရွာခံတွေဟာ ဒေါ့ဖုန်းယန်မြို့ပေါ်မှာကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဒိန်ဂါရွာမှာ အိမ်ခြေ ၂၀ ကျော်၊ လူဦးရေတစ်ရာဝန်းကျင် နေထိုင်ခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ စစ်ကြောင်းကို ကြောက်တာကြောင့် နေ့ဘက်ဆို ရွာမှာပြန်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပြီး ညဘက်ဆို ဘေးလွတ်ရာမှာ ပုန်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ဒေါ့ဖုန်းယန်မြို့ လုံဂျွန်ယန်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ တာကြောင့် နေအိမ်နှစ်ဆယ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org