တရုတ်ကြေးနီစီမံကိန်းအနီး သုံးရက်အတွင်း နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၆ ရက်ကနေ ၈ ရက်အထိ ရွာငါးရွာက နေအိမ် ၂၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ စစ်ငြိမ်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်း အနီးမှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၆ ရက်ကနေ ၈ ရက်အထိ ရွာငါးရွာက နေအိမ် ၂၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် အရပ်သားတစ်ထောင်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၆ ရက်မှာ ဘင်္ဂါးရွာကနေအိမ် နှစ်လုံး၊ ဖောင်းကတာရွာက နေအိမ် ၆၉ လုံး၊ ကျောက်ဖြူတိုင်ရွာက နေအိမ် ၈၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဇန်နဝါရီ ၈ ရက်မှာ ကိုင်းရွာက နေအိမ် ၃၄ လုံးနဲ့ မိုးကြိုးပြင် (မြောက်) ရွာက နေအိမ် ၁၃ လုံး မီးရှို့ခံခဲ့ရတာပါ။

အိမ်မီးလောင်သွားတဲ့အတွက် အရပ်သားတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တချို့လည်း နီးစပ်ရာမှာ လိုက်နေကြတာပေါ့။ တချို့လည်း ဘုန်းကြီးကျောင်းတွေမှာ စုပြီး နေနေကြရတယ်။ စားဖို့သောက်ဖို့ ထမင်းထုပ်ဝေတာတွေ လုပ်နေရတာပေါ့။ အကုန်လုံးကတော့ ခက်ခဲနေကြတယ်"

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ပဋိပက္ခအတွင်း မီးလောင်မှုဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဒီအပြင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org