ခင်ဦးက မြို့သစ်ရွာ အိမ်ခြေ လေးရာခန့် မီးရှို့ဖျက်ဆီးခံရ

ခင်ဦးမြို့နယ်၊ မြို့သစ်ရွာ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ လေးရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာမှ နေအိမ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရဲ့ အနောက်ဘက် ၇ မိုင်အကွာက မြို့သစ်ရွာဟာ ဧပြီလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ လေးရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့က ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြို့သစ်ရွာမှာ ညအိပ်ပြီး နှစ်ရက်ဆက်တိုက်မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မူလက စာရင်းပေါက်ဆို အိမ်ခြေ ၅၀၀ ကျော်ကို ၄၀၀ ကျော်လောက်ပါတယ်လို့ ပြောရမှာပေါ့။ အစွယ်အစ အိမ်ခွဲနေတာနဲ့ဆို ၆၀၀ ကျော်လောက်ပါမှာပေါ့။ သူက လူနေစိပ်တယ်လေ။ ဒီနေ့တော့ မပြေးရပါဘူး။ ရွာထဲ ပြန်ဝင်ကြပြီ"

မြို့သစ်ရွာဟာ ခင်ဦးမြို့နဲ့ ရေဦးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းနံဘေးက ရွာဖြစ်ပြီး အိမ်ခြေ ၆၀၀ ခန့် ရှိပါတယ်။ လူနေစိပ်တဲ့ ရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၇၀၀ ခန့်၊ လူဦးရေ ၂၀၀၀ ကျော် နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီစစ်ကြောင်းဟာ အင်အား ၁၅၀ ပါဝင်တဲ့ စစ်ကြောင်းဖြစ်ပြီး ခင်ဦးမြို့နယ်ထဲကို ဧပြီလ ၁၈ ရက်နေ့ကစလို့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းကို ခင်ဦးမြို့နယ် မြကန်ရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီလ ၁၉ ရက်မှာပဲ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကြောင်းဟာ ဧပြီလ ၂၅ ရက်နေ့မှာ ခင်ဦးမြို့နယ်ထဲကို ပြန်ဝင်ရောက်လာပြီး တပင်ကောင်း (တောင်) ရွာက အိမ် ၂၅ လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org