မတ္တရာမှာ ရွာကိုးရွာ မီးရှို့ခံရပြီး အရပ်သား တစ်သောင်းကျော် ထွက်ပြေး

မတ္တရာမြို့နယ်မှာ ငါးရက်အတွင်း စစ်ကောင်စီတပ်က ရွာကိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ Wetlet Informational Network

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မတ်လ ၁၃ ရက်ကနေ ၁၇ ရက်အတွင်း စစ်ကောင်စီတပ် က ရွာကိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြွေပုသိမ်ရွာ၊ မြွေကြည်ကုန်းရွာ၊ မြွေကူးတို့ဆိပ်ရွာ၊ မြွေရွှေခဲရွာ၊ ပိုဝ (မြောက်) ရွာ၊ စိန်ပန်းကုန်းရွာ၊ မြွေခလရွာ၊ မြွေရေယာဉ်ရွာနဲ့ မြွေတလိုင်းရွာတို့ မီးရှို့ခံခဲ့ရတာပါ။

မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာက အရပ်သားတွေ ထွက်ပြေးနေရပြီး မီးလောင်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မတ္တရာမြို့နယ် အနောက်ခြမ်းက ရွာမှန်သမျှ ပြေးရတာဗျ။ လူဦးရေက အနည်းဆုံး တစ်သောင်းကျော်ရှိမယ်။ အဲဒီဘက်မှာ စစ်ကောင်စီတပ်ရှိနေတော့ ကျနော်တို့ မီးရှို့ခံရတဲ့ အိမ်အခြေအနေနဲ့က မပြောပြနိုင်သေးဘူးဗျ။ စစ်ကြောင်းပြန်ထွက်နေပြီ ဆိုပေမယ့် တော်တော်များများက အိမ်ပြန်မနေရဲကြတော့ဘူးဗျ"

ဒုက္ခသည်တွေက တောတောင်တွေနဲ့ နီးစပ်ရာဒေသတွေမှာ ယာယီတဲထိုးပြီး နေထိုင်နေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်က မတ်လ ၁၃ ရက်မှာ မြွေပုသိမ်၊ မြွေကြည်ကုန်း၊ မြွေကူးတို့ဆိပ်၊ မြွေရွှေခဲရွာ၊ မတ်လ ၁၅ ရက်မှာ ပိုဝ (မြောက်)နဲ့ စိန်ပန်းကုန်းရွာ၊ မတ်လ ၁၆ ရက်မှာ မြွေခလရွာ၊ မြွေရေယာဉ်ရွာနဲ့ မတ်လ ၁၇ ရက်မှာ မြွေတလိုင်းရွာတို့ကို ဝင်ရောက် စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org