မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာမီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် တိမ်းရှောင်နေရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးမှာရှိတဲ့ သဖန်းဒေါင့်ရွာကနေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သလို စစ်ကြောင်းဆက်ထိုးနေတာကြောင့် လူတစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။
-
RFA Burmese
2024-01-17 -
-
-
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးမှာရှိတဲ့ သဖန်းဒေါင့်ရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သလို စစ်ကြောင်းဆက်ထိုးနေတာကြောင့် လူတစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အင်အား ခုနစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဇန်နဝါရီလ ၁၆ ရက်နေ့က သဖန်းဒေါင့်ရွာက အိမ်ငါးလုံးကို မီးရှို့ခဲ့သလို စစ်ကြောင်းက ဇန်နဝါရီလ ၁၇ ရက်နေ့အထိ သဖန်းဒေါင့်နဲ့ ကပ်ရပ်ဖြစ်တဲ့ ရွှေဘောင်ရွာမှာ ဆက်ရှိနေတာကြောင့် ထွက်ပြေးတိမ်းရှောင် နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ငါးအိမ် မီးရှို့ခံရတယ်။ ဖမ်းဆီးခံရတာ ရှိ၊ မရှိတော့ မသိရဘူး။ ခုဆို စစ်ကြောင်းက သဖန်းဒေါင့်နဲ့ ရွာချင်းကပ် ရွှေဘောင်မှာရှိနေတော့ သဖန်းဒေါင့် အပါအဝင် အဲဒီနားကရွာတွေကတော့ ရှောင်နေကြတယ်"
စစ်ကြောင်းကြောင့် သဖန်းဒေါင့်နဲ့ ရွှေဘောင်ရွာအပါအဝင် ကျွဲခြံကုန်း၊ ဆူးလေကုန်း၊ ကုန်းတန်းနဲ့ ငယ်တိုးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သူကဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေး ဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မတ္တရာမြို့နယ်၊ အုန်းကုန်းရွာက အရပ်သားတစ်ဦးသေဆုံးပြီး၊ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းနီးပါး (၇၇၂၇၄လုံး) မီးလောင်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့်လည်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။