ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုနဲ့ မြင်းမူ လဝကရုံး မီးရှို့ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ပြုလုပ်နေတာကြောင့် ဇန်နဝါရီ ၁၇ ရက် ညပိုင်းက ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-01-20 -
-
-
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ပြုလုပ်နေတာကြောင့် ဇန်နဝါရီ ၁၇ ရက် ညပိုင်းက ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မဲစာရင်းပြုစုရာမှာ အသုံးပြုတဲ့ စာရွက်စာတမ်း၊ တံဆိပ်တုံး၊ ကွန်ပျူတာနဲ့ အခြား ဆက်စပ်တဲ့ပစ္စည်းတွေကိုပါ ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုံးထဲမှာ ဝန်ထမ်းတွေမရှိခိုက် မီးရှို့ခံရတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မီးရှို့ခံရတာ ဟုတ်တယ်။ အဲဒီအချိန် ရုံးထဲ ဘယ်သူမှရှိမနေဘူး၊ ပစ်ခတ်တဲ့အသံလည်း လေးခါလောက် ကြားတယ်။ မီးရှို့ပြီး ၁၅ မိနစ်လောက် ကြာတော့ အကုန်ပြန်ထွက်သွားကြတယ်။ ဘေးကပ်ရပ်မှာ မီးသတ်ရုံးရှိတော့ အရမ်းတော့ မလောင်သွားဘူး"
မီးလောင်ပြီး နာရီဝက်အကြာမှာ ရဲနဲ့ စစ်ကောင်စီတပ်သားအင်အား ၂၀ ကျော်ပါတဲ့ အဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်လာပြီး မီးငြှိမ်းသတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ တမူးမြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာရှိတဲ့ မဲစာရင်းဆိုင်ရာ အချက်အလက်တွေကို တမူးမြို့နယ် ကာကွယ်ရေးတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ANSDF) တပ်ရင်း-၅ က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပရာမှာ အခြေခံကျတဲ့ မဲစာရင်းပြုစုဖို့အတွက် လိုအပ်တဲ့ လူဦးရေစာရင်းနဲ့ အိမ်ထောင်စုစာရင်းကောက်ယူတာ ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်ထဲက စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ အခုလို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးနေတာလို့ ပြောဆိုထားပါတယ်။