ဒေသခံတွေ ထွက်ပြေးနေရတဲ့ နတ်ရေတွင်းရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ်မီးထပ်ရှို့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာက နေအိမ်တွေကို ဇန်နဝါရီ ၂၇ ရက်မှာ နောက်တစ်ကြိမ် မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာရှိ နေအိမ်တချို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ PPDF

စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ပြီးဝင်ရောက် မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာက နေအိမ်တွေကို ဇန်နဝါရီလ ၂၇ ရက်မှာ နောက်တစ်ကြိမ် မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ခြောက်ဆယ်ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းမှာ ထပ်မံမီးရှို့ခဲ့တာကြောင့် စုစုပေါင်းနေအိမ် ငါးဆယ်ကျော်ပျက်စီးသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်ရေတွင်းရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရွာထဲကိုပဲ မီးရှို့တာ ရက်ပိုင်းအတွင်း နှစ်ကြိမ်ရှိပြီ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ အခုတစ်ခေါက်က အိမ်ဆယ်လုံး ပျက်စီးသွားတယ်"

စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၂၄ ရက်မှာ နတ်ရေတွင်းရွာထဲက နေအိမ်တွေကို ပထမအကြိမ် မီးရှို့ခဲ့တာကြောင့် နေအိမ် (၄၃) လုံးပျက်စီးခဲ့ပြီး အခုတစ်ကြိမ်နဲ့ဆိုရင် နေအိမ် ငါးဆယ်ကျော်ရှိပြီလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ နတ်ရေတွင်းရွာထဲက နေအိမ်တွေ မီးလောင်ပျက်စီးရတာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေကြောင့်ဖြစ်တာလို့ RFA ကိုပြောပါတယ်။

"နတ်ရေတွင်းရွာထဲက နေအိမ်တွေမီးလောင်တာဟာ စစ်တပ်က လုပ်တာမဟုတ်ဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေကလုပ်တာကို စစ်တပ်ကလုပ်တယ်ဆိုပြီး သတင်းအမှားတွေ ဖြန့်နေကြတာ"

ပေါင်းတည်မြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ရွာထဲမှာ ဒေသခံတွေမနေရဲချိန် လူမရှိတဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်သွားတာလို့ တုံ့ပြန်ပါတယ်။

"ရွာထဲကလူတွေကကြောက်လို့ မနေရဲကြဘူး။ သူတို့ရှောင်နေတဲ့အချိန် လူမရှိတဲ့နေအိမ်တွေကို မီးရှို့သွားကြတာ။ နတ်ရေတွင်းရွာထဲမှာ ဒီရက်ပိုင်းအတွင်းနေအိမ် (၅၃) လုံးနီးပါး မီးလောင်ပျက်စီးသွားပြီ"

မီးရှို့ဖျက်ဆီးခံရမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ (Data for Myanmar) အဖွဲ့ရဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားတွေကြောင့် နိုင်ငံတစ်ဝန်းက နေအိမ် (၃၀၂၇၃) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org