ယင်းမာပင် လက်တောင်းငယ်ရွာ မီးရှို့ခံရ
ယင်းမာပင်မြို့နယ်ထဲက လက်တောင်းငယ်ရွာဟာ နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-11-09 -
-
-
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက လက်တောင်းငယ်ရွာဟာ နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာဟာ ယင်းမာပင်မြို့ရဲ့ တောင်ဘက် လေးမိုင်ခန့်အကွာက အိမ်ခြေ ခုနစ်ဆယ်ခန့်ရှိတဲ့ရွာဖြစ်ပြီး စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်ပြီးနောက် အိမ် ခြောက်ဆယ်ခန့် မီးလောင်ပျက်စီးခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
”အိမ်ခြေ ခြောက်ဆယ်လောက်တော့ ပါသွားတယ်လို့ သိရပါတယ်။ မူလက ခုနစ်ဆယ်ကျော်ကျော်လောက်ပဲ ခုနစ်ဆယ်ဝန်းကျင်ပဲရှိတာ။ ရွာအနေအထားက သိပ်မကြီးဘူး”
လက်တောင်းငယ်ရွာကို စစ်ကြောင်း မဝင်ရောက်ခင် မနက် ခုနစ်နာရီခွဲမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီစစ်ကြောင်းကို ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်တောင်းငယ်ရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုကနေ စစ်ကောင်စီတပ်က နှစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အမှတ် (၃) စစ်ကြောင်းရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီဖြစ်ရပ်ကြောင့် လက်တောင်းငယ်ရွာက ဒေသခံ သုံးရာနီးပါး အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။