ဝက်လက်မြို့နယ် ဘုရားပြန်ရွာက နေအိမ် ၁၈၀ ခန့်မီးရှို့ခံရ

ဝက်လက်မြို့နယ်၊ ဘုရားပြန်ရွာက နေအိမ် ၁၈၀ ဝန်းကျင်ကိုစစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာမှ အအောက်အအုံတချို့ မီးရှို့ဖျက်ဆီးခံရသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ရွာက နေအိမ် ၁၈၀ ဝန်းကျင်ကို အင်အား တစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဇွန်လ ၁၈ ရက် မနက်ပိုင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇွန်လ ၁၇ ရက်နေ့ညက ဘုရားပြန်ရွာကို ဝင်ရောက်ညအိပ်ပြီး မနေ့မနက်ပိုင်း ပြန်မထွက်ခင် နေအိမ်တွေကိုမီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အိမ်ခြေက ၁၈၀ ပတ်ချာလည်လောက်ရှိမယ်။ အခုက စိစစ်ဆဲပဲရှိသေးတယ်။ မနေ့က မနက်ခင်း ထွက်ခါနီး ရှို့သွားတာ။ အိမ်အရေအတွက်က ပါးပါးပဲကျန်တော့တယ်"

အဲဒီစစ်ကြောင်းဟာ ဘုရားပြန်ရွာကနေအိမ်တွေကိုမီးရှို့ပြီးနောက် ဝက်လက်မြို့နယ် အနောက်ခြမ်း စစ်ကိုင်းမြို့နယ်ဘက်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၉ ရက် ဒီနေ့မှာတော့ အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ ဘုရားပြန်ရွာအပါအဝင် အနီးအနားရွာတွေက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတချို့တော့ ရွာထဲပြန်ဝင်နေကြပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org