သီတဂူဆရာတော် သာသနာထွန်းကားရေး ဆောင်ရွက်
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်၊ တကွာပမြို့နယ် ခုတ်ခက်ဒေသမှာရှိတဲ့ FED စာသင်ကျောင်းမှာ ဒီကနေ့မနက် ကျင်းပတဲ့ အလုပ်သမားထု ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို ဆရာတော် ကြွချီလာပြီး မိန့်ဆိုခဲ့တာနဲ့ ပတ်သက်လို့ ဦးထူးချစ်က အခုလိုပြောပါတယ်။
“ဘုန်းကြီးအနေနဲ့ ကျွန်တော်တို့ဆီမှာ လာပြီးတော့ ပြောသွားတဲ့အချိန်မှာ တကယ့်ထူးခြား စိတ်ဝင်စားစရာက ဒီပညာရေးနဲ့ ကျန်းမာရေးကြီးပဲ မဟုတ်ဘဲနဲ့ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီသာသနာရေး လုပ်ငန်းတွေဟာ ဒွန်တွဲပြီးတော့ လုပ်သင့်တဲ့ အကြောင်းကို သူအကြံပေးသွားတယ်။ နောက်တခုက သူကိုယ်တိုင်ကလည်း သူ့ရဲ့ပညာတော်သင်အရပေါ့နော်၊ ABAC တက္ကသိုလ်မှာ လာတက်နေတဲ့ အဲဒီ ဘုန်းတော်ကြီးတွေကို ကျွန်တော်တို့ ဒီကျောင်းမှာ လာထားပြီးတော့ ဘာသာရေးကော အင်္ဂလိပ်စာတွေကော သင်ပေးနိုင်ဖို့ သူစီစဉ်မယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ ကျောင်းမှာ ဆေးခန်းလေး၊ ဆေးရုံငယ်ငယ်လေး တခုလောက် ဆောက်ပြီးတော့ သူကအဲဒီမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ကူညီပေးမယ် ဆိုတဲ့ဟာမျိုး ကျွန်တော်တို့ကို ပြောခဲ့တယ်”
ဒါ့အပြင် ဆရာတော်က ဒီကနေ့လာရောက် တရားနာယူတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ညီညွတ်ဖို့နဲ့ ထိုင်းနိုင်ငံက စည်းကမ်း ဥပဒေတွေကို လိုက်နာဖို့ ဟောကြားခဲ့တယ်လို့ဆိုပါတယ်။ အခုလို ဆရာတော်က ပညာတတ် ရဟန်းတော်တွေ စေလွှတ်ပေးမယ်ဆိုတာနဲ့ ပတ်သက်လို့ မြန်မာတွေရော ထိုင်းလူမျိုးတွေ အတွက်ပါ အကျိုးရှိနိုင်ပါတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
“အဓိကတော့ ဒီစာတတ် ပေတတ် ရဟန်းတွေ ဖြစ်တာရယ်၊ နောက်တခုက ကိုယ်ကျင့်သီလပေါ့၊ ကောင်းတာရယ် ဆိုလို့ရှိရင် ဒီမြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကြားထဲမှာတောင် မကဘူး ထိုင်းလူမျိုးတွေကပါ မြန်မာ ဗုဒ္ဓဘာသာကို လေးစားလာနိုင်တဲ့ အနေအထားရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကျောင်းမှာ စာသင်နေတဲ့ ကလေးတွေလည်း တကယ့်ကို စနစ်ကျတဲ့ ဗုဒ္ဓဘာသာ သေသေချာချာ လေ့လာနိုင်တယ်။ နောက်တချိန်ထဲမှာပဲ ရဟန်းတော်တွေက အင်္ဂလိပ်စာ ကျွမ်းကျင်တယ်ဆိုတော့ အင်္ဂလိပ်စာလည်း ကျောင်းမှာ သင်ပေးဖို့ အခြေအနေတွေ ဖြစ်လာနိုင်တာပေါ့”
ဒီကနေ့ ပြုလုပ်တဲ့ အလုပ်သမားထု ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲမှာ ဆရာတော်ထံက သြဝါဒ ခံယူဖို့အတွက် ကျောင်းသူ ကျောင်းသားတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် လူဦးရေ (၆၀၀) ကျော် လာရောက်ခဲ့ကြသလို ဖန်ငခရိုင် အလုပ်သမား ဝန်ကြီးဌာနနဲ့ လူမှုဖူလုံရေးဌာနတို့က အရာရှိတွေကလည်း လာရောက်ပြီး ဟောပြောကြတယ်လို့ သိရပါတယ်။