တပ်မတော်ရဟတ်ယာဉ်နဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ အခက်အခဲ ရှိနေတဲ့ မောင်တောနဲ့ ဘူးသီးတောင်က ကျေးရွာတွေကို လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရ အဖွဲ့က တပ်မတော်ရဟတ်ယာဉ်နဲ့ စားနပ်ရိက္ခာတွေ လိုက်လံပို့ဆောင်ပေးနေပြီး အစိုးရဝန်ထမ်း တချို့ကို မြို့ပေါ်ပို့ဆောင်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်က ကျေးရွာတွေကို လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့က တပ်မတော်ရဟတ်ယာဉ်နဲ့ စားနပ်ရိက္ခာတွေ လိုက်လံ့ပို့ဆောင်ပေးစဉ် Photo: Aung Thurein

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ အခက်အခဲရှိနေတဲ့ မောင်တော နဲ့ ဘူးသီးတောင်က ကျေးရွာတွေကို လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့က တပ်မတော်ရဟတ်ယာဉ်နဲ့ စားနပ်ရိက္ခာတွေ လိုက်လံပို့ဆောင်ပေးနေပြီး အစိုးရဝန်ထမ်းတချို့ကို မြို့ပေါ်ပို့ဆောင်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာတွေ သွားရောက်ပို့ဆောင်တဲ့ မောင်တောမြို့နယ်က ကျေးရွာတွေမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ဘူးသီးတောင်မြို့နယ်ကို ခေါ်ဆောင်ပေးတာတွေလည်း ရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန် က ပြောပါတယ်။

"ရွာတွေကတော့ များတယ်ဗျ။ နည်းနည်းရောက်တဲ့ ရွာတွေရှိတယ်။ များများရောက်တဲ့ ရွာရှိတယ်။ ဥပမာ မနေ့ကဆိုရင် ကျနော်တို့ တော်တော်လေးတော့ ရောက်တယ်ဗျ။ ဆန်အိတ်တွေ တော်တော်များ များ ချနိုင်တယ်။ ပထမပိုင်းကတော့ ကျနော်တို့က လတ်တလော ခေါက်ဆွဲခြောက်တွေ ပေးတာပေါ့။ ရိက္ခာတွေ ပို့ပြီးတဲ့အခါမှာ အဲ့မှာရှိနေတဲ့ ဝန်ထမ်းတွေ အထူးသဖြင့်တော့ အမျိုးသမီးတွေ နေမကောင်း တဲ့သူတွေကို ဘူးသီးတောင်ကို ပြန်ပို့ပေးတာပေါ့နော်"

ခေါက်ဆွဲခြောက်၊ ဆန်၊ ပဲ၊ ဆီ၊ ငါးပိ၊ ငါးခြောက်နဲ့ ကြက်သွန်နီတွေကို လိုအပ်ချက်ပေါ်မူတည်ပြီး ပို့ဆောင်ပေးနေ တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း မိုးရွာတဲ့အတွက် ရာသီဥတုအခြေအနေအရ တချို့ကျေးရွာတွေကို ရဟတ်ယာဉ်သွားလို့ မရတာတွေရှိနေပြီး တချို့ကျေးရွာတွေမှာ ရဟတ်ယာဉ်ဆင်းဖို့ မြေနေရာမရှိတဲ့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီလောက်မှာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့ နယ်တွေက လုံခြုံရေးရဲကင်းစခန်း ၃၀ ကို အစွန်းရောက် အကြမ်းဖက်သမားတွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုတွေ နောက်ပိုင်းမှာလည်း မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေမှာ လက်လုပ်မိုင်း ဖောက် ခွဲမှုတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံတွေ ဘေးလွတ်ရာမှာ စုဝေးနေထိုင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org