ဘူးသီးတောင်မှာ ဒုက္ခသည်တစ်ဦး အပစ်ခံရပြီး ကလေးအပါအ၀င် မြို့ခံလေးဦး ဖမ်းဆီးခံရ
ဘူးသီးတောင်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁ ရက်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပြီး မြို့ခံလေးဦး ဖမ်းဆီးခံလိုက်ရပါတယ်။
-
RFA Burmese
2023-12-02 -
-
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပြီး စည်ပင်၀န်ထမ်းနဲ့ ကလေးငယ် အပါအ၀င် မြို့ခံလေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေနတ်ကျည် ထိမှန်ဒဏ်ရာရသွားသူက သျှစ်သျှားတောင်ရွာကနေ မြို့ပေါ်လမ်းမကျောင်း စစ်ဘေးဒုက္ခသည် စခန်းမှာ လာရောက်ခိုလှုံနေတဲ့ အသက် (၆၀) အရွယ် နားအကြား ချွို့ယွင်းနေသူ ဦးကျော်ဇောလှ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဘူးသီးတောင်မြို့က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနရဲ့ ဝန်ထမ်း အသက် (၃၀) အရွယ် ကိုထွန်းထွန်းစိုး၊ အမှတ် (၅) ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၄၅) နှစ်အရွယ် ဒေါ်သိန်းမြနုနဲ့ ခင်ပွန်းဖြစ်သူအပြင် နို့စို့အရွယ်ကလေးတို့ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒဏ်ရာရတဲ့ ဦးကျော်ဇောလှကတော့ ပေါင်မှာ ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်သာသွားတဲ့အချိန်မှာ ပေါင်ကို သေနတ်ကျည်ဆန်မှန်သွားတာထင်တယ်။ လက်နက်ကြီးကျည်စ တော့မဟုတ်ဘူး။ လက်နက်ကြီးအစဆိုရင် အဲဒီနားမှာပေါက်ကွဲမှု ဖြစ်ရမယ်”
ဘူးသီးတောင်မြို့ကနေ မောင်တောဘက်ကိုသွားတဲ့ မြို့အထွက် သင်္ချိုင်းကုန်းအနီးမှာ မနေ့က ၁၁ နာရီခွဲခန့်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အဲဒီအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီလိုပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ မြို့ထဲဝင်လာပြီး စည်ပင်ဝန်ထမ်းတစ်ဦးနဲ့ နို့စို့ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးကို ဖမ်းဆီးသွားတာလို့ နောက်ထပ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“၁၁ နာရီခွဲလောက်မှာ မိုင်းပေါက်သံကြားပါတယ်။ AA ဖောက်တာလား။ စစ်ကောင်စီက တမင်လုပ်တာလား မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက ဆာဆာကာဝါ ရောက်နေတော့ စစ်ကောင်စီက ကားမိုင်းဖောက်ခံရတယ်လို့ အကြောင်းပြပြီး မြို့ထဲဝင်ပြီးတော့ ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်တယ်။ ပြီးတော့ သူတို့ စစ်ကောင်စီက ရတဲ့လူကိုဖမ်းတယ် အဲလိုမျိုး”
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံရောက်ရှိနေချိန် စစ်ကောင်စီတပ်က တမင်လုပ်ကြံတာလို့ မြို့ခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အရင် နှစ်ဖက်တိုက်ပွဲကာလ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ကလည်း စစ်တပ်ဟာ တိုက်ပွဲအတုဖန်တီးပြီး ဘူးသီးတောင်မြို့နယ် စည်တောင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာကြောင့် အရပ်သားခြောက်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မ၊ အထိုင်ချတပ်ရင်းနဲ့ တပ်စခန်းတွေ အများအပြားရှိနေတာကြောင့် အခုလိုပစ်ခတ် ဖမ်းဆီးတာမျိုး ထပ်ဖြစ်လာမှာစိုးရိမ်တဲ့ မြို့ခံအချို့ကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။