ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မောင်တောမြို့နယ်နဲ့ ထိစပ်နေတဲ့ ဘူးသီးတောင်မြို့နယ်တစ်ခုလုံး မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး ည ၈ နာရီ ကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်မြို့ခံ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

“၉ နာရီလောက်က ကြေညာတာပါ၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဒီ ၁၄၄ ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ သူတို့ကြေညာသွားတာ ကျနော်တို့ ကြားလိုက်ရပါတယ်၊ ကားပေါ်ကနေ သူတို့ရွတ်ဖတ်ပြီး ကြေညာသွားတာပါ”

မောင်တောမြို့နယ်၊ ငခူရကျေးရွာအုပ်စု ယောင်ဘွေကျေးရွာကို လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တွေမြို့ကနေ ယောင်ဘွေကျေးရွာကို အလည်အပတ်ရောက်ရှိနေတဲ့ ဦးမောင်အေး သေဆုံးခဲ့ပြီး ရွာခံသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအထဲကတစ်ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် မောင်တောဆေးရုံကနေ စစ်တွေဆေးရုံကြီးကို မနေ့က ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ ငခူရဒေသမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားသလို၊ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေနေပြီး သံသယရှိသူတစ်ချို့ကို ထိန်းသိမ်းထားကြောင်း မောင်တောအခြေစိုက်၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးမှုကွပ်ကဲရေး ဌာနချုပ်၊ ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ဖြေကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org