နမခ ဌာနချုပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကြောင်း BWM ပြော
စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ BWM အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2025-01-15 -
-
-
စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ဇန်နဝါရီလ ၁၄ ရက် ညပိုင်းက ၁ဝ၇ မမ ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“DSA အပတ်စဉ် ၆၂ ဆင်း ဗိုလ်ကြီးကောင်းထက်ဇော် အပါအဝင် ခြောက်ဦး သေဆုံးတယ်၊ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရပြီး အရေးပေါ်ကုသနေရတယ်လို့ ကနဦးသိရပါတယ်၊ နောက်ဆက်တွဲထပ်သိရှိတာကတော့ ဆက်သွယ်ရေးတပ်ရုံးကို ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ထပ်မံသေဆုံးပါတယ်”
နမခ ဒုတိယတိုင်းမှူးအဆောင်နဲ့ ဦးစီးရုံးလည်း ရှော့တိုက်ဒုံး ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒီသေဆုံး၊ ထိခိုက်၊ ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမဖြေပါဘူး။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွေက စစ်ကောင်စီတပ်ဖွဲ့တွေကို အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ဌာနချုပ်ဖြစ်သလို တော်လှန်ရေးအရှိန် လျော့အောင် လုပ်ဆောင်နေတဲ့ ဌာနချုပ်ဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Brave Warriors for Myanmar (BWM) အဖွဲ့အပြင် Shadow (မုံရွာ)၊ Anonymous Heroes၊ Chindwin Fighters၊ ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ်အဖွဲ့နဲ့ Democratic Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပဲ လွိုင်ကော်မြို့ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေချိန် ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-လွိုင်ကော်) နေရာတွေကို BMW နဲ့ ပူးပေါင်းအဖွဲ့တွေက ၁ဝ၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။