လစ်လပ်သွားသည့် အမတ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်

အစိုးရသစ် ဝန်ကြီးနေရာတွေ ခန့်အပ်လိုက်ပြီးနောက်ပိုင်း လစ်လပ်သွားတဲ့ လွှတ်တော် ၃ ရပ်က အမတ်နေရာတွေအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ မဲရုံတခုမှာ မဲပေးရန် စာရင်းပေးနေသူများ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး နဲ့ပြည်နယ်လွှတ်တော် အသီးသီးမှာ လစ်လပ်သွားတဲ့ ကိုယ်စားလှယ်နေရာတွေကို အစားထိုး ရွေးချယ်ဖို့ ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပရမှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားလှယ် ဦးခင်မောင်ရီက RFA ကို ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ လုပ်မှာတော့ မလွဲမသွေ လုပ်ရမှာပါ။ အဲဒါ ဘာလဲဆိုတော့ လစ်လပ်သွားတဲ့ ဝန်ကြီးတွေနေရာ၊ နောက်ပြီးတော့ နိုင်ငံတော်၊ ပြည်ထောင်စုအဆင့် ရာထူးတွေပေါ့နော်၊ အဲဒီ ရာထူးတွေနေရာမှာဆိုရင် ပြန်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့ ရာထူးတွေပေါ့နော်၊ အခု လွှတ်တော်ကိုယ်စားလှယ်တွေကနေ တခြားရာထူးတွေ ယူလိုက်ပြီဆိုရင် လွှတ်တော်ကိုယ်စားလှယ် နေရာမှာ လစ်လပ်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်  တက်တဲ့အခါမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ လျော့သွားရင် လွှတ်တော် ဆက်ပြီးမှ ကျင်းပနေမှာ ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် နေရာမှာ ရွေးချယ်မှာ ဖြစ်တယ်။”

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာတွေ ရှိကြောင်း သိရပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရမှာ သေချာတဲ့အတွက် ဝင်ရောက် အရွေးခံမှာ မဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောပါတယ်။

“ပထမဆုံးအချက်က ကျွန်တော်တို့ ဒီ ရွေးကောက်ပွဲ ဝင်ရခြင်း၏ ရည်ရွယ်ချက်ကိုက နိုင်ငံရေးပါတီ တရားဝင် ရပ်တည်ဖို့အတွက် ဝင်ရတာ ၁ အချက်က။ နောက် ဒုတိယအချက်က ဘာလဲဆိုတော့ လွတ်သွားတဲ့ နေရာတွေက ကျွန်တော်တို့ရဲ့ စည်းရုံးရေး နယ်မြေတွေလည်း ဟုတ်ချင်မှ ဟုတ်မယ်။ မဟုတ်တာက များတယ်ပေါ့နော်။”

“စည်းရုံးရေးနယ်မြေတွေ မဟုတ်ပဲနဲ့ ကြံ့ခိုင်ရေးနဲ့ ကျွန်တော်တို့က ဝင်ယှဉ်ရမယ်ဆိုရင် ကြံ့ခိုင်ရေးက ကျွန်တော်တို့ ကပ်ပြီးတော့ ရှုံးနိုင်သေးတယ်။ ဒါကလည်း တပိုင်းပေါ့။ ကျွန်တော်တို့ တကယ်လို့ ဝင်ပြိုင်မယ်ဆိုရင် ကြံ့ခိုင်ရေးနဲ့ သွားပြီးတော့ ညှိနှိုင်းပြီးတော့ သူတို့ မပြိုင်တော့ဘူးဆိုမှ ဝင်ပြိုင်ရမဲ့ ပုံစံ ဖြစ်တယ်။ အလုပ်တွေ ရှုပ်ပါတယ်။ နောက် ကျွန်တော်တို့ ကိုယ်တိုင်လည်း ရွေးကောက်ပွဲနဲ့ ဒီ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရေးသည် အဓိကမထားဘူး၊ ကျွန်တော်တို့ ပါတီအနေနဲ့။”

အခုရက်ပိုင်းအတွင်း ပြည်ထောင်စု လွှတ်တော်က ဗဟိုအစိုးရအတွက် ဝန်ကြီးနေရာ ၃၀ ရွေးချယ်ခဲ့ပါတယ်။ အလားတူ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့အတွက် ဝန်ကြီးနေရာတွေ ရွေးချယ် ခန့်အပ်နေပါတယ်။ အခုလို ကျင်းပနိုင်တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာ ဘယ်လောက်များ ပြန်လည် အစားထိုး ရွေးချယ်နိုင်သလဲ ဆိုတာတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org