ဖမ်းဆီးခံရတဲ့ မူကြိုကလေးနဲ့ မိခင်တို့ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ

ဧပြီလ ၅ ရက်နေ့ကပင် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံနဲ့ မိခင်ဖြစ်သူ မဝေတို့ဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတာကြောင့် စိုးရိမ်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

မောင်သန့်ဘုန်းဝေယံ တက်ခဲ့သည့် ရန်ကုန်မြို့ အလုံမြို့နယ် စက်တွင်းလမ်းရှိ Best Choice မူကြိုကျောင်းကို ၂၀၂၂ ဧပြီ ၇ ရက်နေ့တွင် တွေ့ရစဥ်

ဧပြီလ ၅ ရက်နေ့ကပင် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံနဲ့ မိခင်ဖြစ်သူ မဝေတို့ဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက် နေတာကြောင့် စိုးရိမ်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

သားအမိ နှစ်ဦးကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ ဒီနေ့အထိ မသိရသေးသလို ရဲစခန်း တချို့ကို လိုက်လံစုံစမ်းရာမှာလည်း ငြင်းဆိုနေတဲ့အတွက် အသက်အန္တရာယ်ကို ပိုစိုးရိမ်မိတယ်လို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"သားအမိ နှစ်ယောက်စလုံးကို ဆက်သွယ်လို့ မရသေးပါဘူး။ အဓိကကတော့ ကလေး ပေါ့။ ကြောက်ပြီး ငိုနေမလား စဉ်းစားမိရင် ရင်အရမ်းပူနေကြရတယ်။ သူတို့သားအမိကို တစ်နေရာတည်း ထားထားရင်တော့ အမေနဲ့ သား ပြန်တွေ့ရတာပေါ့။ မိသားစုဝင်တွေ အခုထိ လိုက်စုံစမ်းနေကြဆဲပါပဲ"

မိဘတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံကို ဧပြီ ၅ ရက်နေ့က အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းက BC မူကြိုကျောင်း မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်က ဓားစာခံ အဖြစ် ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ကလေးရဲ့ မိခင်ကိုလည်း အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကားနဲ့တိုက်၊ သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီးသွားတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဖမ်းဆီးတဲ့ဖြစ်စဉ် မရှိဘူးလို့ RFA ကို မတ်လ ၇ ရက် မနေ့က ပြောဆိုခဲ့ပါတယ်။

ဒီလိုငြင်းဆိုထားတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ကလေးနဲ့ မိခင်အတွက် ပိုပြီး စိုးရိမ် နေကြတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်လူထုသပိတ် ကော်မတီကလည်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သားအမိနှစ်ဦးရဲ့ အသက်အန္တရာယ် လုံခြုံမှုအတွက် စိုးရိမ်မိကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

NUG အမျိုးသား ညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီဟာ ကလေးသူငယ်ဆိုင်ရာ သဘောတူစာချုပ်မှာပါတဲ့ အချက်တွေကို ချိုးဖောက်နေတဲ့အတွက် နိုင်ငံတကာက ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဒီနေ့ကြေညာချက် ထုတ်ပြန် ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org