ဗိုလ်ချုပ်ကြေးရုပ်ကို မပြောင်းရွှေ့နိုင်ကြောင်း ကယားဝန်ကြီးချုပ် ပြော

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံထဲမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝမပြောင်းရွှေ့နိုင်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ဒီနေ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီလူငယ်များအင်အားစု ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် ကို ၂ဝ၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ တွေ့ရစဉ် Photo: Thiha Tun/ RFA

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံထဲမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ လုံးဝမပြောင်းရွှေ့ဘူးလို့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ဒီနေ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီလူငယ်များ အင်အားစု ညှိနှိုင်းဆွေးနွေးပွဲမှာ အတိအလင်း ပြောလိုက်ပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်နေ့များကို ထိန်းသိမ်းစောင့်ရှောက်သွားရမယ့် တာဝန်ရှိသလို လက်ရှိ ကန္တာဟေဝန်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေးကို ဆွေးနွေးမယ်လို့ သဘောတူထားပေမယ့် မရွှေ့ပြောင်းနိုင်ဘူးလို့ ဝန်ကြီးချုပ်က ဒီနေ့ပြောလိုက်တဲ့အတွက် ဆက်ဆွေးနွေးစရာမရှိကြောင်း ကရင်နီလူငယ်များ အင်အားစုဘက်က ကိုယ်စားလှယ်က တင်ပြခဲ့ပြီး အစည်းအဝေးကနေ ထွက်ခွာခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ညှိနှိုင်းဆွေးနွေးပွဲ ပျက်သွားတာကြောင့် ကရင်နီလူငယ်များအင်အားစုဘက်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကရင်နီလူငယ် ၁၂ ဦးနဲ့ ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီကို ဖျက်သိမ်းလိုက်ကြောင်းနဲ့ ကြေးရုပ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်ပွားလာမယ့် ကိစ္စရပ်တွေဟာ ကော်မတီနဲ့ သက်ဆိုင်မှု မရှိတော့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အကျိုးဆောင်ပေးခဲ့တဲ့ ဦးကျော်ထင်အောင်က ဒီနေ့ ညှိနှိုင်းဆွေးနွေးပွဲ အပေါ်သူ့အမြင်ကို အခုလိုပြောပါတယ်။

“နဂိုမူလ စတင်မတည်ဆောက်ခင်ကတည်းက တည်ဆောက်ဖို့ကို နိုင်ငံတော် သမ္မတရုံးကကော အတိုင်ပင်ခံ ရုံးကကော ညွန်ကြားထားခြင်းမရှိဘူးဆိုပြီးတော့မှကို ညွန်ချုပ် ဦးဇော်ဌေးက အင်တာဗျူးဖြေဆိုခဲ့တာ ရှိပါတယ်ခင်ဗျ။ ဒီနေ့ ဆွေးနွေးပွဲသည် ရွှေ့ပြောင်းရေးအတွက် ထပ်မံတွေ့ဆုံတဲ့ဆွေးနွေးပွဲ ဖြစ်တယ်။ နဂိုမူလပေးခဲ့တဲ့ ကတိကို ဖျတ်ပြီးတော့မှကို မရွှေ့ပြောင်းပေးနိုင်ဘူးလို့ ဝန်ကြီးချုပ် ပြောဆိုတဲ့အပေါ်မှာတော့ ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်လား ကျန်တဲ့ သက်ရောက်မှုတွေရှိလားဆိုတာ မသိရပေမယ့် ဝန်ကြီးချုပ် တစ်ယောက်ရဲ့ အတ္တမာနနဲ့ တင်းခံမှုကတော့ ပြည်နယ်အတွက် အကောင်းထက်စာရင် အဆိုးဘက်အပိုင်းကို ပိုမိုတွန်းပို့လိုက်တဲ့ အဖွင့်အမှာစကားလို့ပဲ ကျနော်တို့ သုံးသပ်ချင်ပါတယ်ခင်ဗျ"

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ နောက်ဆုံးသဘောထား၊ ပြင်ဆင်ထားမှု အခြေအနေနဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် ဘယ်လိုရှိသလဲဆိုတာသိနိုင်ဖို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းတို့ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြည်နယ်အစိုးရအပါအဝင် ပြည်ထောင်စုအစိုးရကပါ ဌာနေတိုင်းရင်းသားတွေရဲ့ လိုလားချက်ကို လျစ်လျူရှု တယ်လို့မြင်ကြောင်း ကရင်နီပြည်လူငယ်အင်အားစုက ခူးပိုးရယ်က ပြောပါတယ်။

"သမ္မတရုံးကလူတွေရော၊ ပြည်ထောင်စုအစိုးရကကော၊ ပြည်နယ်အစိုးရကော တာဝန်ယူမှု တာဝန်ခံမှု မရှိလို့ ဒီလိုဖြစ်တာပဲ။ ဌာနေတိုင်းရင်းသားတွေရဲ့ လိုလားချက်ကို လျစ်လျူရှုပြီးမှ သူတို့က လုပ်ချင်ရာလုပ်ကြတာ။ ပြည်ထောင်စုကနေ ခွင့်ပြုချက်မရရင် ကြေးရုပ်ဖြစ်ဖြစ် ကျောက်ရုပ်ဖြစ်ဖြစ် တည်လို့မရဘူးဆိုတာ ကျနော်တို့ သူတို့ကို ပြောတော့ ပြည်ထောင်စုက ခွင့်ပြုလို့သာ တည်လို့ရတာပေါ့လို့ ပြည်နယ်အတွင်းရေးမှူး ဦးညီညီမင်းက ကျနော်တို့ကို ပြောခဲ့တယ်။ ဥပဒေနဲ့တကွ သူ ကျနော်တို့ကို ပြပြီး ပြောတယ်"

လက်ရှိမှာတော့ ကန္ဒာဟေဝန်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို သံဆူးကြိုးတွေနဲ့ ကာရံထားပြီး ပန်းခြံကိုလည်း ရဲတပ်ဖွဲ့ဝင် သုံး၊ လေးဦးက အလှည့်ကျ နေ့ညမပျက် စောင့်ကြည်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ အခုလ ၇ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ သွားရောက်ခဲ့စဉ် အကြံပြုခဲ့တဲ့အချက်တွေထဲမှာ ကယားပြည်နယ်က တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ရုပ်တုကို စိုက်ထူပြီး ညှိနှိုင်းနိုင်မလားဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ကရင်နီလူငယ်တွေဘက်က ဗိုလ်ချုပ်ကြေးရုပ် စတင်တည်ဆောက်စဉ် ကန့်ကွက်ကတည်းက ကရင်နီ ခေါင်းဆောင်တစ်ဦးရဲ့ ကြေးရုပ်ကို ဆောက်ပေးစေလိုတာကြောင့် ကန့်ကွက်ခဲ့တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

မတ်လ ၇ ရက်နေ့က ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို အကြံပြုချက်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဆရာတော်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၈ ဦးနဲ့ ဖွဲ့စည်းပေးခဲ့တဲ့ ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီကိုလည်း ဖျက်သိမ်းပေးဖို့ ဒီနေ့ အစည်းအဝေးမှာ ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူ က တင်ပြခဲ့ပါတယ်။

ညှိနှိုင်းဖော်ဆောင်ရေးကော်မတီမှာ ပါဝင်သူ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးက ကယားပြည်နယ် က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာ ပြည်ထောင်စုအစိုးရက ပါဝင်ပတ်သက်နေတာကြောင့် ပြည်ထောင်စုက တာဝန်ယူ ဖြေရှင်းဖို့လိုတယ်လို့ ပြောပါတယ်။

"ကြေးရုပ်ကိစ္စက ပြည်ထောင်စုအစိုးရဘက်က တာဝန်အများကြီးရှိတယ်။ ပါဝင်ပတ်သက်မှုတွေလည်း ရှိနေတယ်ဆိုတာ လူတိုင်းသိတယ်။ တာဝန်ယူပြီးမှ တချို့ဟာတွေ ဝင်ဖြေရှင်းပေးနိုင်မှသာ အဆင်ပြေနိုင်မယ့် အနေအထားမျိုးဖြစ်တယ်လို့တော့ ယူဆတယ်။ တရားဝင်အားဖြင့်တော့ သမ္မတကကော၊ NLD ပါတီကကော ဒီကြေးရုပ်ကိစ္စကို သူတို့ပါတီနဲ့ မဆိုင်ဘူး။ သမ္မတ၊ အစိုးရနဲ့ မဆိုင်ဘူးလို့ အဲ့လိုမျိုးတော့ ငြင်းနေကြတယ်။ သို့သော် အများသိထားတဲ့ အချက်တွေ အများကြီးရှိတယ်။ NLD ဗဟိုအများစုကလည်း လိုလားကြတဲ့ အနေအထားမျိုးရှိသလို သမ္မတဘက်ကလည်း လိုလိုလားလားရှိတယ်။ မဝန်ခံရုံတမယ်ပဲ ရှိနေတယ်"

ဒီနေ့ဆွေးနွေးပွဲမစခင် မနေ့က ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ဟာ ပြည်ထောင်စုရဲ့ ပြယုဂ်ကောင်းဖြစ်တာကြောင့် ကန္ဒာဟေဝန်ပန်းခြံမှာသာ ဆက်လက်ထားရှိဖို့နဲ့ ပြောင်းရွှေ့မယ် ဆိုရင် ပြည်နယ်အတွင်းက ထောက်ခံခဲ့တဲ့ လူထုတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်မယ်လို့ ဝန်ကြီးချုပ်ထံ အကြောင်းကြား စာပေးပို့ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org