နေပြည်တော် အနီး ပေါက်ကွဲခဲ့တဲ့ ရထားဗုံးပေါက်ကွဲမှုမှာ မပတ်သက်ကြောင်း KNU ငြင်းဆို
မကြာသေးခင်က နေပြည်တော် မီးရထား ဘူတာတခု အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်ဆိုတဲ့ မနေ့ကထုတ် မြန်မာ့ အလင်း သတင်းစာပါ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း ကေအန်ယူက ငြင်းဆိုလိုက်ပါတယ်။
-
2011-06-10 -
-
-
ကေအန်ယူ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေ
RFA
ဒီစွပ်စွဲမှုဟာ ထိုင်းနိုင်ငံက အဆင့်မြင့် စစ်ဘက် ကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ကေအန်ယူ အဖွဲ့ အပေါ် ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကေအန်ယူ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေက ပြောပါတယ်။
ၤဒီကိစ္စဟာ လုပ်ကြံ ဖန်တီးမှုတခုသာ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက ရေတပ်ဖက်ဆိုင်ရာ စစ်ဦးစီးချုပ်တွေ လာရောက်ချိန်၊ ကြည်းတပ်က သွားရောက်တော့မဲ့ အချိန်မျိုးမှာ KNU ကို နိုင်ငံတကာမှာရော ထိုင်းနိုင်ငံမှာပါ အကြမ်းဖက်တွေ အနေနဲ့ မြင်လာအောင် အချိန်ကိုက် လုပ်ဆောင်ချက်သာဖြစ်ကြောင်း ပြောဆိုပါတယ်။
အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန် နေပြည်တော်မှာ ရောက်ရှိနေစဉ် ပေါ်ပေါက်ခဲ့တဲ့ အဲဒိဗုံးကွဲမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒိ ပေါက်ကွဲမှုနဲ့ ပါတ်သက်လို့ သံသယ ရှိသူ ကေအန်ယူအဖွဲ့ဝင် တဦးကိုလည်း ဖမ်းဆီး ထားတယ်လို့ မြန်မာ့အလင်း သတင်းစာက ဖော်ပြ ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ရန်ကုန်မြို့ အပါအဝင် မြန်မာ နိုင်ငံ တဝှမ်းမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုတိုင်းကို ကေအန်ယူနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်ပ အခြေစိုက် ဒီမိုကရေစီ လ ှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေရဲ့ လက်ချက် ဖြစ်ကြောင်း မြန်မာ့အလင်း၊ ကြေးမုံ စတဲ့ အစိုးရထုတ် သတင်းစာ တွေကနေ ရေးသား ဖော်ပြ လေ့ရှိပါတယ်။