ကားဟောင်းရှိသူ ကားသစ်တင်သွင်းခွင့်ပေးမည်
ကားအဟောင်း ရှိသူတွေကို နိုင်ငံခြား ကနေ ကားအသစ် သွင်းခွင့်ပေးတော့ မယ်ဆိုတဲ့ အစိုးရရဲ့ ကြေညာချက် ကြောင့် ကားဟောင်း လိုက်လံဝယ်ယူ သူတွေ တဟုန်ထိုး များနေပြီး ကားဈေးနှုန်းတွေ ထိုးတက်သွားတယ်လို့ ရန်ကုန်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။
-
2011-09-11 -
-
-
“၁၅ သိန်း သိန်း ၂ဝ ရှိတဲ့ ကားတွေက သိန်း ၃ဝ ခေါ်လိုက်၊ ၄ဝ ခေါ်လိုက်၊ ၆ဝ ခေါ်လိုက်တွေ ဖြစ်ကုန်တယ်။ လက်ရှိ ငွေရှိတဲ့လူတွေကလည်း ကားတွေ့ရင် လမ်းပေါ်အထိ အတင်းလိုက်ပြီး ရောင်းမလားဆိုပြီး လိုက်လုပ်တယ်”
ကားတင်သွင်းခွင့်ပေးမယ့် သတင်း ကြိုတင် ပေါက်ကြားမှု ရှိခဲ့တဲ့အတွက် တချို့ ကားပွဲစား အတော်များများက ကြေညာချက် မထွက်ခင်ကတည်းက ကားဟောင်းတွေကို ဈေးပိုပေးပြီး ကြိုတင် ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ မှတ်ပုံတင်သက်တမ်း ကြာမြင့်နေပြီဖြစ်တဲ့ မော်တော်ယာဉ်တွေကို ပယ်ဖျက်ပြီး အစားထိုးယာဉ်တွေ တင်သွင်းခွင့်ပေးတော့မယ်လို့ အစိုးရထုတ် သတင်းစာတွေကနေ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပြင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံခြားက မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ကားအရောင်းပြခန်း (Show Room) တွေ ဖွင့်လှစ်ရောင်းချခွင့် ပေးသွားမယ်လို့ သတင်းစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကားဈေးနှုန်း အကြီးမြင့်ဆုံး နိုင်ငံတခု ဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ဒေါ်လာ ၁ သောင်းလောက်နဲ့ ဝယ်ယူနိုင်တဲ့ ကားတွေကို မြန်မာနိုင်ငံမှာ ဒေါ်လာ ၄ သောင်းကနေ ၁ သိန်းအထိ မတန်တဆပေါက်ဈေးနဲ့ ဝယ်ယူနေကြရပါတယ်။
အခုလို ပုဂ္ဂလိကကို ကားတင်သွင်းခွင့်ပေးမယ့် အစီအစဉ်ကြောင့် ပြည်တွင်း ကားဈေးနှုန်းတွေ များမကြာမီ သိသိသာသာ ကျဆင်းလာမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အရင်က ပြည်ပကနေ မော်တော်ကား တင်သွင်းမှုကို စစ်တပ်ပိုင် ‘မြန်မာစီးပွားရေး ဦးပိုင်လီမိတက်’ က နှစ်ပေါင်းများစွာ လက်ဝါးကြီး အုပ်ထားခဲ့ပါတယ်။