သာသနာ့ဝန်ထမ်းတွေ ရွေးကောက်ပွဲမှာမဲပေးခွင့်ရဖို့ ချားလ်စ်မောင်ဘို တောင်းဆို
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ ဆန္ဒမဲပေးခွင့်မရှိစေရလို့ ပြဌာန်းထားတာကို ပယ်ဖျက်ပေးဖို့ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံလိုက်ပါတယ်။
-
ဝေမာထွန်း
2020-02-07 -
-
-
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ ဆန္ဒမဲပေးခွင့်မရှိစေရလို့ ပြဌာန်းထားတာကို ပယ်ဖျက်ပေးဖို့ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၂ အရ သာသနာ့ဝန်ထမ်းတွေ မဲပေးခွင့်မရှိဘူးလို့ သတ်မှတ်ထားတာကြောင့် ဗုဒ္ဓဘာသာရဟန်း၊ သီလရှင်၊ ခရစ်ယာန်ဘုန်းကြီး၊ ဆရာတော်နဲ့ သီလရှင်တွေ မဲပေးခွင့်မရှိပါဘူး။
အဲဒါကြောင့် ဒီပြဌာန်းချက်ကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပယ်ဖျက်ပေးဖို့ ကက်သလစ် ဂိုဏ်းချုပ် ရဟန်းအမတ် Charles Maung Bo က မေတ္တာရပ်ခံထားတယ်လို့ Vatican သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံသားဖြစ်ပေမယ့် သာသနာရေးဝန်ထမ်းဖြစ်တာနဲ့ မဲပေးခွင့်မရဘူးဆိုတာဟာ ဒီမိုကရေစီနိုင်ငံအတွက် လိုအပ်ချက်ဖြစ်တယ်လို့ ချားလ်စ်မောင်ဘိုက ထောက်ပြပါတယ်။
မြဝတီမင်းကြီး ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ကလည်း ကသလစ် ရဟန်းအမတ် ချားလ်စ်မောင်ဘိုနဲ့ တသဘောထားတည်းရှိတယ်လို့ မိန့်ပါတယ်။
နှစ်ခြင်းခရစ်ယာန်မှာ နယ်မြို့တွေက ဆရာတော်တွေ မဲပေးခွင့်ရှိသူစာရင်းမှာ ပါပေမယ့် မြို့ကြီးတွေက သိက္ခာတော်ရ ဆရာတော် တော်တော်များများ မဲပေးခွင့်မရှိဘဲ ဖြစ်နေပါတယ်။
ခရစ်ယာန်ဘုန်းတော်ကြီးတွေ အားလုံးတန်းတူ မဲပေးခွင့်ရစေလိုတယ်လို့ လားဟူနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ဆရာတော် ဒေါက်တာလာဇရုက ပြောပါတယ်။
အစ္စလာမ်ဘာသာမှာတော့ ဘုန်းတော်ကြီးဆိုတာ မရှိလို့ သာသနာဝန်ထမ်းဆိုတဲ့ မဲပေးခွင့်မရတဲ့ အခြေအနေကို အစ္စလာမ်ဘာသာဝင်တွေ ကြုံတွေ့ရတာ မရှိဘူးလို့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ၊ ထောင်ကျခံနေရသူတွေ၊ စိတ်ပေါ့သွပ်နေတယ်လို့ သတ်မှတ်ခံထားရသူတွေ၊ လူမွဲအဖြစ် ကြေညာခံထားရသူတွေနဲ့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူတွေ မဲပေးခွင့်မရဘူးလို့ ပြဌာန်းထားပါတယ်။
ဒီအချက်တွေက ဖြစ်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကို တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
ဘာသာရေးခေါင်းဆောင်တွေ မဲပေးခွင့်ရဖို့ တောင်းဆိုမှုတွေရှိနေသလို ဒီတောင်းဆိုမှုတွေဟာ မဖြစ်သင့်ဘူးလို့ ယူဆသူတွေလည်း ရှိနေပါတယ်။