ဆေးကုသမှု ညံ့ဖျင်းတာကြောင့် မကွေးထောင်က နိုင်ငံ‌ရေးအကျဉ်းသူတစ်ဦး သေဆုံး

မကွေးတိုင်း မကွေးထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မစုမေအောင်ဟာ ဆေးဝါးမလုံလောက်မှုနဲ့ ဆေးကုသမှု ညံ့ဖျင်းတာတွေကြောင့် ကွယ်လွန်သွားပါတယ်။

မကွေးမြို့ ဗဟိုအကျဉ်းထောင်အား တွေ့ရစဥ်။ Citizen Journalist

Updated 4:15 PM Jan 26, 2024

မကွေးတိုင်း မကွေးထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မစုမေအောင်ဟာ ဆေးဝါးမလုံလောက်မှုနဲ့ ဆေးကုသမှု ညံ့ဖျင်းတာတွေကြောင့် ဇန်နဝါရီ ၂၂ ရက်နေ့က ကွယ်လွန်သွားတယ်လို့ မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဇန်နဝါရီ ၂၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။

အသက် ၂၂ နှစ်အရွယ် မစု​မေ​အောင်ကို ​ဒေသကာကွယ်​ရေးတပ်ဖွဲ့ PDF ​တွေကို ​ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်​ကောင်စီက ၂၀၂၂ ခုနှစ် အ​စောပိုင်းမှာဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်​ရေးပုဒ်မ ၅၀ (ည) နဲ့ ထောင် (၁၅) နှစ် ချမှတ်ထားတာပါ။

သူဟာ အရေပြား လေးဖက်နာရောဂါ၊ အသည်းကြီးရောဂါနဲ့ နှလုံးရောဂါဝေဒနာတွေကို ကာလကြာရှည် ခံစားခဲ့ရပေမယ့် ထောင်တွင်း ဆေးဝါးညံ့ဖျင်းမှုကြောင့် မကွေးဆေးရုံကြီးကို အရေးပေါ်တင်ကုသစဉ် ဇန်နဝါရီ ၂၂ ရက်နေ့က ကွယ်လွန်သွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မစုမေအောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတွေကို RFA က ဇန်နဝါရီ ၂၆ ရက်မနက်ပိုင်းက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကိုလည်း ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်အဖွဲ့က ကိုသိုက်ထွန်းဦးကတော့ နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွင်း သေဆုံးမှုတွေကို စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက ဘယ်တော့မှ တရားဝင် မထုတ်ပြန်ဘဲ သတင်းအမှောင်ချထားလေ့ ရှိတယ်လို့ RFA ကိုပြောပါတယ်။

“အကျဉ်းထောင်က သေဆုံးမှုတွေ အပြင်ကိုမပေါက်ကြားဖို့အတွက် အထက်အဆင့်ဆင့်ကနေ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးတွေကို အမိန့်ပေးထားတယ်လို့ ထောင်အရာရှိတွေရဲ့ ပြောကြားချက်အရ ကျွန်တော်တို့သိရတယ်။ ထောင်တွင်းသေဆုံးမှုတွေ အပြင်ကိုမပေါက်ကြားဖို့၊ မီဒီယာတွေကိုမပြောဖို့လည်း ကျန်ရစ်တဲ့ အကျဉ်းသားမိသားစုဝင်တွေကိုလည်း ဖိအားပေး ခြိမ်းခြောက်တာတွေ သူတို့လုပ်နေပါတယ်”

နိုင်ငံရေးအကျဉ်းသူ မစုမေအောင်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထပ်မံသိရှိနိုင်ဖို့အတွက် ကျန်ရစ်တဲ့မိသားစုကို RFA က ကြိုးစားဆက်သွယ်နေပါတယ်။

မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်မှာတော့ မစုမေအောင်ဟာ မကွေးတက္ကသိုလ်က ဓာတုဗေဒ ဂုဏ်ထူးတန်းကျောင်းသူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ CDM ကျောင်းသူအဖြစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကျဉ်းချခံထားရစဥ် သေဆုံးခဲ့တဲ့ မစုမေအောင်ကို မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ မကွေးတက္ကသိုလ် ကြားကာလ ယာယီ အုပ်ချုပ်ရေးကောင်စီတို့ကနေ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

မစုမေအောင် အပါအဝင် အကျဥ်းထောင်တွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူတွေအတွက် ထိရောက်လျင်မြန်စွာ အရေးယူ ဆောင်ရွက်ပေးဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ရဲ့ ဒီဇင်ဘာ ၃၁ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်မှာ ထောင်တွင်းသေဆုံးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၃၄ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အကျဉ်းထောင်တွေအတွင်း သတ်ဖြတ်ခံခဲ့ရသူ ၁၈ ဦးနဲ့ မကျန်းမာတဲ့အခါ ဆေးကုခွင့် ကောင်းကောင်းမရလို့ သေဆုံးခဲ့ရသူက ၁၆ ဦးရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org